ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရခေါင်းဆောင်ပိုင်း တို့ တွေ့ဆုံနိုင်

  • 22 ဒီဇင်ဘာ 2011
suu kyi ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စု က လွှတ်တော် ပြင်ပ နိုင်ငံရေး လည်း ဆက် ရှိနိုင် လို့ ဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် နေပြည်တော် သွားရောက်တဲ့ အခါမှာ အစိုးရ ခေါင်းဆောင်ပိုင်း တွေ နဲ့ တွေ့ဖို့ အစီအစဉ် လည်း ရှိတဲ့ အကြောင်း အန်အယ်လဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့မယ့် အစိုးရ ပိုင်း ခေါင်းဆောင် က ဘယ်သူ ဆိုတာနဲ့ ဘာ အကြောင်း အရာ တွေကို ဆွေးနွေးကြမယ် ဆိုတာ ကို တော့ သူ က မသိတဲ့ အတွက် မပြောနိုင် ကြောင်း ပြောပါတယ်။

အန်အယ်လဒီ ပါတီ မှတ်ပုံတင်ရေးအတွက် သောကြာနေ့ မှာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ၂ ဦး စလုံး နေပြည်တော် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ကို သွားရောက် ပြီး ပါတီ မှတ်ပုံတင် ကြောင်း တင်ပြ ရမှာပါ။

ပါတီ အဖြစ် အတည်ပြုချက် ရဖို့ ကတော့ နောက်ထပ် အချိန် တလ လောက် ထပ်ကြာနိုင် ကြောင်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ အန်အယ်လဒီ ပါတီ ဝင်ရောက် အရွေးခံမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဝင်အရွေးခံမယ် လို့ လည်း ကြေညာ ထား ပါတယ်။

ပြီးခဲ့တဲ့ လပိုင်း တွေ အတွင်း သမ္မတ အပါအဝင် အစိုးရ ပိုင်း တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ အကြား တွေ့ဆုံဆွေးနွေးမှု တွေ ဖြစ်ခဲ့ ပြီးတဲ့နောက် အန်အယ်လဒီ ပါတီ က တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ပြီးတဲ့နောက် ရွေးကောက်တင်မြှောက်ခံ ရလို့ လွှတ်တော်ထဲ ရောက်သွားရင် သူ နဲ့ အစိုးရ ကြား တွေ့ဆုံ ဆွေးနွေး တာတွေ ဆက်မှ ဖြစ်လာ ပါမလား လို့ စိုးရိမ်မှု တွေ လည်း ရှိနေတယ် လို့ သုံးသပ်သူ တချို့ က ပြောပါတယ်။