ရှေ့နေ ၃၂ ဦး ရဲ့လိုင်စင် အရေး အာရှ ရှေ့နေ အဖွဲ့ ပန်ကြားလွှာတင်

  • 23 ဒီဇင်ဘာ 2011
aung thein
Image caption နိုင်ငံရေးသမား တွေ ဘက်က ရှေ့နေ လိုက်ပေးတဲ့ ဦးအောင်သိန်း ကို လည်း လိုင်စင် ရုတ်သိမ်းထား

မြန်မာနိုင်ငံ မှာ နိုင်ငံရေး နဲ့ ပတ်သက်ခဲ့ပြီး တဲ့နောက် ရှေ့နေ လိုင်စင် ရုတ်သိမ်း ခြင်း ခံထားရတဲ့ ရှေ့နေ ၃၂ ဦး အတွက် လိုင်စင် တွေ ပြန်ရရှိရေး အာရှ ဥပဒေ ရေးရာ အဖွဲ့ က ကြိုးစားနေပါတယ်။

Asia Legal Resource Center က ဒီရှေ့နေ တွေ ဟာ နိုင်ငံရေး နဲ့ ပတ်သက်ခဲ့ လို့ ချမှတ်တဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ ကို တောင်ကျခံပြီး ဖြစ်ပေမယ့် အခုထိ ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင် တွေရုတ်သိမ်းတာ ခံနေရကြောင်း ပြောပြီး အခု ပန်ကြားလွှာ ကို မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် ထံ တင်သွင်း ထား ပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင် က ရှေ့နေ လည်းဖြစ် ALRC မှာ မြန်မာနိုင်ငံ နဲ့ ပတ်သက် တဲ့ ဥပဒေ ပိုင်း ဆိုင်ရာ တွေ ကို အကြံပေး သူ တဦး လည်း ဖြစ်တဲ့ ရှေ့နေ ဦးမင်းလွင်ဦး က အခုလို ရှေ့နေ လိုင်စင် ရုတ်သိမ်းခံရတဲ့ အထဲမှာ အန်အယ်လဒီ ပါတီ က ဦးတင်ဦး တို့ ပါသလို အမျိုးသား ညီလာခံ ကို ဝေဘန် ခဲ့တဲ့ အတွက် ရှေ့နေ လိုင်စင် ရုတ်သိမ်း ခံရသူတွေ လည်း ပါဝင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် သူတို့ ဟာ တရားရုံး က ချမှတ်တဲ့ ပြစ်ဒဏ် အသီးသီး ကို ကျခံပြီး ဖြစ်တဲ့ အတွက် သူတို့ ရဲ့ ရှေ့နေ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းခွင့် ကို ပြန်လည် ရရှိသင့် တယ် လို့ လည်း သူ က ပြောပါတယ်။

ALRC က အခု ပန်ကြားလွှာ မိတ္တူ ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီ လက်အောက် မှာ ရှိတဲ့ လွတ်လပ်သော တရားသူကြီးများ နဲ့ ရှေ့နေများ အဖွဲ့ ကိုလည်း ပေးပို့ သွားမယ် လို့ သိရပါတယ်။