အန်အယ်လ်ဒီ တရားဝင် မှတ်ပုံတင်

  • 23 ဒီဇင်ဘာ 2011

အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အဖွဲ့ သောကြာနေ့က နေပြည်တော်ကို သွားရောက် ပြီး အန်အယ်လ်ဒီ ပါတီ ကို တရားဝင် နိုင်ငံရေး ပါတီ အဖြစ် တင်ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အန်အယ်လ်ဒီ ခေါင်းဆောင် နှစ်ယောက် ရွေး ကောက် ပွဲ ကော်မရှင် ဥက္ကဌနဲ့ တွေ့ဆုံခဲ့ စဉ်

သွားရောက်ခဲ့ကြသူတွေ ထဲမှာ ခေါင်းဆောင် နှစ်ယောက်နဲ့ အတူ ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေး အရာရှိ နဲ့ ကိုယ်ရေး အရာရှိတွေ ဖြစ်ကြတဲ့ ဦးခွန်သာမြင့်နဲ့ ဒေါက်တာ ဒေါ်တင်မာအောင် တို့ ပါဝင်ပါတယ်။

သူတို့ အဖွဲ့ဟာ မှတ်ပုံတင် ဖို့ သွားရောက် ရင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင် အောင်မြင့်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

အဲဒီ နောက် ဦးတင်ဦးနဲ့ ဦးဉာဏ်ဝင်တို့ နှစ်ယောက်က ပျဉ်းမနားနဲ့ မန္တလေးတိုင်းက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ လူငယ် ကွန်ယက် တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၊ သူ့ရဲ့ လုံခြုံရေး နဲ့ ကိုယ်ရေး အရာရှိ နှစ်ယောက် အဖွဲ့က လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ သီးခြားစီ တွေ့ဆုံ ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော် ဥက္ကဌတွေ အပြင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်ကြည်၊ ဗိုလ်ချုပ်သိန်းဌေး တို့နဲ့ တွေ့ဆုံပြီး နေ့လည်စာ စားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းများ

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ အဖွဲ့အားလုံးကို တွေ့ခဲ့ရပြီး အန်အယ်လ်ဒီက အခုလို လာရောက် မှတ်ပုံတင်တဲ့ အတွက် ကြိုဆိုကြောင်း ပြောတယ်လို့ ဆွေးနွေးရာမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ ဦးတင်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နေပြည်တော်ကို သွားရောက် မှတ်ပုံ တင်ခဲ့ ကြသူ အန် အယ်လ်ဒီ ခေါင်းဆောင်များ

ကော်မရှင်နဲ့ ဆိုင်တဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေ အကြောင်း၊ လိုအပ်ရင် သူတို့ကို ဆက်သွယ် ဆောင်ရွက် နိုင်တဲ့ အကြောင်း ဦးတင်အေးက ပြောခဲ့တယ်လို့ ဦးတင်ဦး က ပြောပါတယ်။

ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ် ဆိုတာ ကိုတော့ မပြောနိုင် သေးဘူးလို့ ဦးတင်အေးက ပြောကြောင်းလည်း ဦးတင်ဦးက ပြန်ပြော ပါတယ်။

အန်အယ်လ်ဒီ မှတ်ပုံတင်တဲ့ ကိစ္စကို ကန့်ကွက် လိုသူတွေ ကန့်ကွက်ဖို့ စနေနေ့မှာ သတင်းစာ တွေထဲ ထုတ်ပြန် ကြေညာပြီး နှစ်ပတ်နဲ့ တစ်လ အတွင်းမှာ မှတ်ပုံ တင်ရေး ကိစ္စ ပြီးဆုံး မယ်လို့ ဦးတင်ဦးကပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲကို ဆင်းရဲတဲ့ ဒေသ ဖြစ်တဲ့ ကော့မှူး မြို့နယ် ဘက်ကနေ ဝင် အရွေးခံလိုတဲ့ ဆန္ဒရှိတယ်လို့ သိရပေမဲ့ ဆုံးဖြတ်ချက်တော့ မချသေးဘူး၊ သူကိုယ်တိုင် ကတော့ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးမှာသာ ဖြစ်ပြီး ဝင်အရွေးခံမှာ မဟုတ်ဘူးလို့ ဦးတင်ဦးက ပြော ပါတယ်။

လွှတ်တော်ထဲကို အန်အယ်လ်ဒီ ရောက်တဲ့ အခါ အများ ပြည်သူနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ဦးတင်ဦးက ပြော ပါတယ်။