နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မယ်လို့ ဝန်ကြီးပြော

  • 22 ဒီဇင်ဘာ 2011
KNU-govt talks
Image caption ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ်လာ နိုင်မှာလား

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လာမယ့် ဇန္နဝါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်တို့မှာ နှစ်သုတ်ခွဲပြီး လွှတ်ပေးမယ်လို့ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ခေါင်းဆောင်တစ်ယောက် ဖြစ်သူ ရထား ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

မနေ့က မဲဆောက်မြို့မှာ ပြုလုပ်တဲ့ ကေအဲန်ယူနဲ့ နှစ်ဘက် အပစ် အခတ်ရပ်စဲရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောခဲ့ တာလို့ ကေအန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် စောဒေးဗစ်ထောက ဘီဘီစီကို ပြော ပါတယ်။

ဝန်ကြီး ဦးအောင်မင်းက သူတို့ အစိုးရ စပြီး တာဝန်ယူချိန်မှာ အကျဉ်းဦးစီးဌာန လွှဲပြောင်း ပေးအပ်တဲ့ စာရင်းအရ ထောင်တွေထဲမှာ ရှိနေသူ အားလုံးလိုလို က ရာဇဝတ် အကျဉ်းသားတွေလို့ပဲ သိထားရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အစိုးရ အနေနဲ့လဲ အဖွဲ့အစည်းအသီးသီးက ပြုစုထားတဲ့ စာရင်းတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အခု လွှတ်ပေးမဲ့ အကျဉ်းသားတွေဟာ အဲန်အန်အယ်လ်ဒီက ကောက်ယူထားတဲ့ စာရင်းတွေ အပေါ် အခြေခံမှာ ဖြစ်တယ်၊ ဒီ စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၅၀၀ ကျော် ၆၀၀ လောက်ရှိပြီး အခု နှစ်သုတ် ခွဲ လွှတ်ပြီးရင်တော့ အားလုံး ကုန် သလောက် ရှိသွားမှာပါလို့ ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့တဲ့ အကြောင်းလဲ ဖဒို ဒေးဗစ်ထောက ပြန်ပြောပြပါတယ်။

ကြာသပတေးနေ့မှာ လုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးမှုမှာလည်း ဦးအောင်မင်းက အကျဉ်းသားတွေ ပြန်လွှတ်မှာပါဆိုတဲ့ အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။