PNLO ဥက္ကဌ ဦးခွန်ဥက္ကာနဲ့ အစိုးရကိုယ်စားလှယ် တွေ့ဆုံ

  • 23 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် pnlo
Image caption UNFC အခြေအနေကိုသာ အဓိက ဆွေးနွေးခဲ့ ကြောင်း ဦးခွန်ဥက္ကာပြော (ဓာတ်ပုံ PNLO)

ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်းနိုင်ငံမှာ သောကြာနေ့က တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာလည်း အဖွဲ့ဝင် ဖြစ်တဲ့ ဦးခွန်ဥက္ကာက တခုလုံး အတိုင်း အတာနဲ့ UNFC အခြေအနေကိုသာ အဓိက ပြောဆိုဆွေးနွေးခဲ့ကြောင်း၊ PNLO တဖွဲ့ချင်း အနေနဲ့ ထူးထူးခြားခြား ဆွေးနွေးခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ UNFC အကြားမှာ ပြည်ထောင်စုက မခွဲထွက်ရေးဆိုတဲ့ အချက်ဟာ နှစ်ဘက်စလုံးက လက်ခံထားတဲ့ အချက်ဖြစ်တဲ့အတွက် အသေးစိတ် ဆက်ဆွေးနွေးဖို့ လိုအပ်ကြောင်း တင်ပြခဲ့တယ်လို့ သူကပြောပါတယ်။

ဒီအတွက် နိုင်ငံရေးအဆင့်ဆွေးနွေးဖို့လိုကြောင်း၊ ဒါမှသာ အပစ်အခတ်ရပ်စဲရေးဟာ လွယ်ကူသွားမယ်လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း တချို့ အသေးစိတ် အချက်တွေ မှာတော့ ကွဲလွဲမှုရှိတယ်လို့ ဆိုပါတယ်။

UNFC အနေနဲ့ တဖွဲ့ချင်း တွေ့ဆုံဆွေးနွေးတာကို လက်ခံထားပြီး သဘောတူချက် ယူတဲ့ အချိန်မှာတော့ အဖွဲ့ဝင်အားလုံး တပြိုင်တည်း ဆောင်ရွက်ဖို့ သဘောထား ရှိတယ်လို့ သူကပြောပါတယ်။