လွှတ်တော်ဥက္ကဌတွေ ဒေါ်စုနဲ့တွေ့ဆုံ

  • 23 ဒီဇင်ဘာ 2011
သူရဦးရွှေမန်း နဲ့ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ ဓာတ်ပုံ မူပိုင် Reuters
Image caption သူရဦးရွှေမန်း နဲ့ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့က သတင်း သမားတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ဒီနေ့ ဒေါ်စုနဲ့တွေ့ဆုံကြတဲ့ အကြောင်းက ဘာလဲဆိုတာကို သတင်းသမားတယောက်က ဦးရွှေမန်းကို မေးတော့သူကဒေါ်စုကြည်က ကျနော်နဲ့ တွေ့ချင်တယ်လို့ စာရေးပြီး ပြောတယ်။ ပြည်သူ့လွှတ်တော်နဲ့ ပတ်သက်တာတွေ မေးသွားတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကို သတင်းထောက်က မေးမြန်းတဲ့အခါ ဒီနေ့ နိုင်ငံတော်မှာ တွေ့ဆုံရေးက အဓိကကျပြီး ဒေါ်အောင်ဆန်းစုကြည်ပါတော့ ပိုအားရှိတာပေါ့ လို့ ပြောသွားပါတယ်။

အခုလို သူတို့ ဖြေကြားသွားတဲ့ မေးခွန်းတွေရှိသလို သူတို့ ဖြေကြား မသွားတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။

သတင်းထောက်တယောက်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့တွေမှာ လွှတ်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း ပြောကြားတာနဲ့ ပတ်သက်ပြီး အတည်ပြုမေးမြန်းတဲ့အခါ သူရဦးရွှေမန်းက မှန်မမှန် ဖြေမသွားပါဘူး။ စောင့်ကြည့်ကြပေါ့လို့ပဲ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲ ဆိုတဲ့ မေးခွန်းကို ဦးရွှေမန်းကိုရော ဦးခင်အောင်မြင့်ကိုပါ သတင်းထောက်တွေက မေးကြပါတယ်။ ဒီမေးခွန်းကိုလည်း နှစ်ယောက်စလုံးက မဖြေကြပါဘူး။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ပဲ ဆိုင်တယ်လို့ ဖြေကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အခါမှာလည်း ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ဖြေကြားမသွားဘူးလို့ သတင်းထောက်တယောက်က ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြည်သူ့လွှတ်တော် အမတ်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီပါသလားလို့ သတင်းထောက် တယောက် က ဦးရွှေမန်းကို မေးရာမှာတော့လောလောဆယ်တော့ ကိုက်ညီတယ်လို့ တွေ့ရပါတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

ဒေါ်စုနဲ့ လွှတ်တော်ဥက္ကဌတွေတွေ့ရာမှာ မိသားစုပုံစံရင်းရင်းနှီးနှီးနှုတ်ဆက်ကြတယ်လို့ တက်ရောက်တဲ့ သတင်းထောက်တဦးကဘီဘီစီကိုပြောပြပါတယ်။