မြန်မာ နဲ့ ထိုင်း အလုပ်သမားအရေး ဆွေးနွေး

  • 24 ဒီဇင်ဘာ 2011
U Myint Thein
Image caption ထိုင်း နိုင်ငံတွင်းမှာ မြန်မာ အလုပ်သမားရုံး ငါးခု ဖွင့်ဖို့ ရှိတယ်လို့ ဦးမြင့်သိန်း ကဆို

မြန်မာ အလုပ်သမားဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ထိုင်းရေဘေး အပြီး ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ပြန်ရောက်လာ တဲ့မြန်မာ အလုပ်သမား တွေကို ကူညီ စောင့်ရှောက် ဖို့ ထိုင်း အလုပ်သမား စောင့်ရှောက်ရေး ကော်မီတီ ဥက္ကဌ၊ ထိုင်းဒုတိယ ဝန်ကြီးချုပ် မစ္စတာ ချလမ်း ယူထမ်လုံ နဲ့တွေ့ဆုံ စဉ်မှာ ပြောခဲ့တယ်လို့ ဘီဘီစီ ကို ပြန်ပြောပြ ပါတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ အလုပ်သမား ခန့်မှန်းခြေ တသိန်းလောက် ရှိပြီး အခုအခါ နေ့စဉ် လူ ၁၅၀၀ လောက် ထိုင်းနိုင်ငံ ကို ပြန်လာ နေကြတယ်လို့ သူကဆိုပါတယ်။

အဲဒီအလုပ်သမား တွေထဲမှာ ရေကြီးမှုကြောင့် သက်သေခံ အထောက်အထား စာရွက်စာတမ်း ပျောက်ဆုံးသွားသူတွေ အပါအဝင် လူအများအပြားဟာ ထိုင်းမြန်မာ နယ်စပ်က ပွဲစားတွေရဲ့ အမျိုးမျိုး အမြတ်ထုတ်တာတွေ ခံနေရတယ်လို့ ဦးမြင့်သိန်းက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်က တနင်္လာနေ့ မှာ ကျင်းပမယ့် အစိုးရ အဖွဲ့ အစည်းအဝေးမှာ မြန်မာ အလုပ်သမားတွေ အရေးကို ဦးစားပေး တင်ပြမှာ ဖြစ်ပြီး ထိုင်းအစိုးရ အနေနဲ့ မြန်မာ အလုပ်သမား တွေကို အကူအညီ ဖို့ ချက်ခြင်း ညွှန်ကြား ပေးမယ်လို့လည်း ကတိပေးခဲ့ကြောင်း မြန်မာအလုပ်သမားရေး ဒုတိယ ဝန်ကြီးဦးမြင့်သိန်းက ဘီဘီစီနဲ့ ဆက်သွယ် မေးမြန်း ရာမှာ ဖြေကြား သွားပါတယ်။