ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သွား

  • 25 ဒီဇင်ဘာ 2011
suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption ဒီချုပ် ရွေးကောက်ပွဲထဲ ပြန်ပါဖို့ ဆုံးဖြတ် ပြီးနောက် ဂျပန်က အိုဒီအေ ပြန်ပေးဖို့ စဉ်းစားလာ

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအိချီရို ဂင်ဘာဟာ မြန်မာ နိုင်ငံကို ဒီကနေ့ ထွက်ခွာ သွားတယ်လို့ ဂျပန်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

မြန်မာ နိုင်ငံကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တယောက် နောက်ဆုံး လာရောက်ခဲ့တာ ၂၀၀၂ ခုနှစ်က ဖြစ်ပြီး ဂျပန် အစိုးရက မြန်မာနိုင်ငံကို အိုဒီအေ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အပံ့ ပြန်ပေးဖို့ စဉ်းစား နေပါတယ်။

ခု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်မှာ အိုဒီအေ ပြန်ပေးရေး ကိစ္စတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။

ဂျပန်ဟာ မြန်မာ နိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူ အညီ အထောက်အပံ့တွေကို ဒပဲယင်း သတ်ဖြတ်မှုကြီး အပြီးမှာ ရပ်ဆိုင်း ခဲ့ပေမယ့် အရေးပေါ် ကူညီ ကယ်ဆယ်ရေး အထောက် အပံ့တွေကိုတော့ ဆက်ပေး နေခဲ့ပါတယ်။

ခု ခရီးစဉ်မှာ နှစ်နိုင်ငံ ရင်းနှီး မြှတ်နှံမှုတွေ အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့လည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပြုဖွယ် ရှိပါတယ်။

အနောက် နိုင်ငံတွေက မြန်မာကို ဒဏ်ခပ် ပိတ်ဆို့မှု လုပ်ခဲ့ပေမယ့် ဂျပန်ကတော့ မြန်မာနဲ့ ကုန်သွယ် ဆက်ဆံရေးတွေ ဆက်လက် ပြုလုပ် ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ နိုင်ငံကြီးတွေက ယူဆ လာပြီး မကြာခင်ကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာ နိုင်ငံကို သွားရောက် ခဲ့ပါတယ်။