ဂျပန် ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်၍

  • 27 ဒီဇင်ဘာ 2011
Japan Dassk ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စု ကို ဂျပန် ကို လာရောက် လည်ပတ်ဖို့ နိုင်ငံခြားရေး ဝန်ကြီး က ဖိတ်ခေါ်

ဂျပန်နိုင်ငံ က ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီ တွေ နဲ့ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံမှု တွေကို မြန်မာနိုင်ငံ မှာ မဝေးတဲ့ကာလ အတွင်း တွေ့လာ ရတော့ မှာပါ။

မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင် ခွင့်ပြုတာ အပါအဝင် ဒီမိုကရေစီရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ တွေ စတင် လုပ်ဆောင် လာတာကြောင့် ဂျပန် အစိုးရ အနေနဲ့ စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအီချီရို ဂမ်ဘာ က မြန်မာ သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ကို တနင်္လာနေ့ က သီးခြားစီ တွေ့ဆုံ အပြီး သတင်းထောက် တွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ ပါတယ်။

၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စနဲ့ ပတ်သက်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး က စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှု လုပ်တဲ့ နေရာမှာ မြန်မာပြည် လူထုရဲ့ အခြေခံလူနေမှု ဘဝ တိုးတက် ဖို့ အတွက် အဓိကအာရုံထားပြီး လုပ်ဆောင်သွား မှာ ဖြစ်တဲ့ အတွက် ဆင်းရဲမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ တွေကို ဦးစားပေး လုပ်ဆောင် သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ သတင်းထောက်တွေ နဲ့ တွေ့တဲ့ အဲဒီ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံ က သီလဝါဆိပ်ကမ်း စီမံကိန်း ကို မြန်မာသမ္မတ က လည်း ဂျပန် နိုင်ငံ ကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်စေလိုတဲ့ ဆန္ဒ ရှိနေတဲ့ အပေါ် သူတို့ရဲ့ စီးပွားရေး စီမံကိန်း ဆန်းစစ် လေ့လာမှု တွေ လုပ်တဲ့ နေရာမှာ ထည့်သွင်း လုပ်ကိုင်သွား မယ့် အကြောင်း လည်း သူ က ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ ပတ်သက်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကို သူ ပြောခဲ့တာတွေ ကို ပြောကြားရာမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား ဒေသ တွေ ပါ ဖွံ့ဖြိုးတိုးတက်ရေး က နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အရေးကြီး လှကြောင်း ထောက်ပြ ခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂမ်ဘာ က လည်း ဒေါ်အောင်ဆန်းစုကြည် က သူတို့ ကို တိုင်းရင်းသား တွေ ရဲ့ အရေးကိစ္စ ကို ထောက်ပြခဲ့ကြောင်း နဲ့ သူတို့ အနေ နဲ့ ကလည်း လူတဦး ချင်းစီ ရဲ့ လုံခြုံရေး က ဖွံ့ဖြိုးရေး အတွက်အရေးပါပုံ ကို လက်ခံတဲ့ အမြင်ရှိတာ မို့ အဲဒီ ထောက်ပြ ပြောဆိုမှု အပေါ် အလေးထား ဆောင်ရွက် သွားမယ့် အကြောင်း ပြောဆို သွား ပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ကိစ္စ အတွက် သူတို့ရဲ့ စက်မှု နဲ့ ကုန်သွယ်ရေး ဝန်ကြီး ကို လာမယ့် လ အတွင်း မြန်မာနိုင်ငံ ကို စေလွှတ် လိမ့်မယ်လို့ လည်း ခန့်မှန်း နေကြပါတယ်။