မဲဆောက်မှာ မြန်မာတွေ အတွက် ဆေးရုံ ဆောက်ဖို့ ကြိုးစား

  • 27 ဒီဇင်ဘာ 2011
clinic ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သန်းနဲ့ချီ ရှိနေပါတယ်။

ထိုင်း မြန်မာ နယ်စပ်က မဲဆောက်မှာ နေထိုင်တဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ မြန်မာ နိုင်ငံဖက်က လာပြီး ဆေးဝါး ကုသမှု ခံယူသူတွေ အတွက် သီးသန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ကြိုးစား နေတယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးက မဲဆောက် မြို့မှာ ပြောကြား ခဲ့ပါတယ်။

မဲဆောက်ဆေးရုံမှာ အဆောက် အဦတွေ တိုးချဲ့ နေပေမဲ့ နေရာ မလုံလောက်မှုတွေ ဖြစ်နေတာ ကြောင့် ထိုင်းကျန်းမာရေး ဝန်ကြီး ဌာနက မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ နိုင်ငံ ထဲက လာပြီး ဆေးဝါး ကုသမှု ခံယူသူတွေ အတွက် သီးသန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။

မနေ့က မဲဆောက်ဆေးရုံက အဆောက် အဦသစ် ဖွင့်ပွဲကို ဘုရင့် သမီးတော် သီရိဒုံကဖွင့်ပေး ပြီးနောက် ထိုင်းကျန်းမာရေး ဝန်ကြီး နိုင်ဝိထယာ ဗူရနဆရီ က မြန်မာ နိုင်ငံသားတွေအများ ဆုံး နေထိုင်တဲ့ အစ္စလာမ် ဘမ်ရွမ် ရပ်ကွက်မှာ ထိုင်းတာဝန် ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို တိုးတက် လာအောင် မြန်မာ နိုင်ငံသား ညီနောင်တွေကို ကျန်းမာ ရေး စောင့်ရှောက်မှု အပြည့် အဝ ပေးနိုင်အောင် မြန်မာ နိုင်ငံသား ညီနောင်တွေ အတွက် သီးသန့် ဆေးရုံ တဆောင် ဆောက်လုပ် ပေးရမလား ဆိုတာ ကွင်းဆင်း စစ်ဆေးမှုတွေလုပ် နေပြီ လက်ရှိမှာလည်း ဆေးရုံမှာ မြန်မာ စကားပြန်တွေ ခန့်ပေးထားတယ်လို့ ပြောသွား ပါတယ်။

မဲဆောက်မြို့နဲ့ အနီး ပတ်ဝန်းကျင်မှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမား တသိန်း ကျော်လောက် ရှိပါတယ်။

အဲဒီထဲက မကျန်းမာသူတွေဟာ ဒေါက်တာ စင်သီယာရဲ့ မဲတော် ဆေးခန်းကို သွားပြီးဆေး ဝါး ကုသသူတွေ ရှိသလို မဲဆောက် ဆေးရုံကို သွားသူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ရောဂါ ပြင်းထန်တဲ့ သူတွေကိုတော့ မဲတော် ဆေးခန်းကလည်းမဲဆောက်ဆေးရုံကို ပို့သလို့ ဒုက္ခသည် စခန်းတွေနဲ့ နယ်စပ် တလျှောက်က ထိုင်းဆေးရုံ လေးခုကလည်း မဲဆောက် ဆေးရုံကိုပဲ ပို့ကြပါတယ်။

ဒါ့အပြင် မြဝတီက လူနာတွေနဲ့ မြန်မာ နိုင်ငံဘက်ခြမ်းက နယ်စပ် မိုင်းဗုံး ထိတဲ့သူတွေလည်း မဲဆောက် ဆေးရုံကို သွားကြပါတယ်။

အဲဒီလို မဲဆောက် ဆေးရုံကို သွားပြီး ဆေးဝါး ကုသမှု ခံယူရာမှာ အလုပ် လုပ်ခွင့် လက်မှတ် ရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ ထိုင်းနိုင်ငံမှာ ယာယီ နေထိုင်ခွင့် ရထားတဲ့ သူတွေကတော့ အခမဲ့ ဆေးဝါး ကုသမှု ခံယူခွင့် ရှိပါတယ်။

ဒါပေမယ့် မြဝတီနဲ့ မြန်မာ နယ်စပ် တလျှောက်က လာတဲ့ သူတွေကတော့ ပိုက်ဆံ ပေးရ ပါတယ်။

ဆေးဖိုးဝါးခ အပြည့် မပေးနိုင်တဲ့ သူတွေကို ဆေးကုခ လျှော့ပေးသလို လုံးဝ မတတ်နိုင်တဲ့ သူတွေကိုတော့ လုံးဝ ငွေမယူတာတွေလည်း ရှိပါတယ်။