မြန်မာအစိုးရနဲ့ ဝအဖွဲ့ သဘောတူညီချက်ရ

  • 27 ဒီဇင်ဘာ 2011
UWSA
Image caption မြန်မာ အစိုးရနဲ့ နောက်ထပ် ဆွေးနွေးဖို့ ရှိသေးတယ်လို့ UWSA ကဆို

ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ တို့ ပန်ဆန်းမှာ ရှိတဲ့ UWSA ဌာနချုပ် မှာ တွေ့ဆုံ ဆွေးနွေးပြီး အချက် ၆ ချက် ပါတဲ့ သဘော တူညီချက် တရပ်ကို လက်မှတ် ရေးထိုး ခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးရေး အပြင် လွှတ်တော် အဆင့်ဆင့် ဆီကို ဝကိုယ်စားလှယ်တွေ ပေးပို့ရေး အတွက် ဆက်လက်ဆွေးနွေးဖို့အတွက် သဘောတူညီခဲ့ကြတာဖြစ်ကြောင်း UWSA ဗဟိုကော်မီတီဝင်တဦးဖြစ်တဲ့ ဦးအောင်မြင့်ကဆိုပါတယ်။

နောက်ထပ် ဆွေးနွေး ရမယ့် ရက်ကိုတော့ မသတ်မှတ် ရသေးဘူးလို့ ဆိုပါတယ်။

ကျောင်းဆရာ ဆရာမတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အန်ဂျီအို အရပ်ဖက် အကူညီ ပေးရေး အဖွဲ့အစည်း ဝန်ထမ်းတွေ ဝဒေသ ထဲကို ပြန်လည် စေလွှတ် ပေးဖို့ အတွက် စောစောက သဘော တူညီချက် ရှိခဲ့တဲ့ အတိုင်း အခုအခါ အဲဒီ ဝန်ထမ်းတွေ ပြန်လာ ကြပြီလို့ ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် WFP ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့က ဝန်ထမ်း တွေလည်း ပြန်ရောက် လာပြီး ရုံးပြန်ဖွင့် နိုင်ပြီလို့ ဆိုပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ် တွေဟာ မိုင်းလား အဖွဲ့နဲ့လည်း အင်္ဂါနေ့မှာ သဘောတူ စာချုပ် တခု လက်မှတ် ရေးထိုး ခဲ့ပေမယ့် အသေးစိတ် ကိုတော့ မသိရ ပါဘူး။

မြန်မာ အစိုးရသစ် အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက် နေတယ်လို့ UWSA အဖွဲ့က ယုံကြည်ကြောင်း ဦးအောင်မြင့်က ဆိုခဲ့ ပါတယ်။