ကျောက်ဖြူက ယာမြေတွေ စစ်တပ် အရာရှိဟောင်း တယောက်က သိမ်းယူ

  • 28 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ပျိုးထုံးတွေနဲ့ မြန်မာ လယ်သမားကြီး

ကျောက်ဖြူမြို့နယ် ပျားတဲ ကျေးရွာအုပ်စုက လယ်သမားတွေ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်ဧက ၂၄ ဧက ကို စစ်တပ် အရာရှိဟောင်း တယောက်က အိန္ဒိယ ကုမ္ပဏီ တစ်ခုကို ကျပ်ငွေ ၂၀၅ သိန်း၊ ၄ သောင်း ရှစ်ထောင်နဲ့ (၂၉) လ ဌားရမ်းလိုက်တယ်လို့ သိရပါတယ်။

မြေထိုးစက်ကြီးတွေနဲ့ လယ်တွေကို လာထိုးမှ ပိုင်ရှင် လယ်သမားတွေက အဲသလို ဌားရမ်းလိုက်တာကို သိကြရတယ်လို့ ပြောပါတယ်။

ဒါနဲ့ သူတို့က ဘာကြောင့် လယ်တွေကို ဒီလို လုပ်သလဲ လို့ မေးတဲ့ အခါ အိန္ဒိယ ကုမ္ပဏီနဲ့ အတူ ပါလာတဲ့ ဗမာ အင်ဂျင်နီယာတွေက ဒီလယ်တွေကို အဲဒီ တပ်အရာရှိ ဟောင်း က ဌားရမ်းထားတယ်လို့ ပြောကြောင်း ဆိုပါတယ်။

အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး လယ်သမားတွေက လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးဌာနကို တစ်စောင်၊ ပြည်နယ်၀န်ကြီးချုပ်ကို တစ်စောင် စာ (၂) နှစ်စောင် စာရေးသားပြီး တိုင်ကြားလိုက်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနကို တိုင်တဲ့စာကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတွေဆီကို မိတ္တူပေးပြီး ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ဆီကို တိုင်တဲ့ စာကိုတော့ ပြည်နယ် လွှတ်တော် ဥက္ကဌရယ်၊ ပြည်နယ် မြေစာရင်း ဦးစီးဌာနရယ်၊ ကျောက်ဖြူ ခရိုင် ဥက္ကဌတွေဆီကို မိတ္တူ ပေးပို့တယ်လို့ ပြောပါတယ်။

တိုင်ကြားတဲ့ လယ်သမား (၁၀) ဦးက မနေ့က ( ဒီဇင်္ဘာဘ ၂၆ ရက်နေ့က) တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ အဲဒီ စစ်တပ် အရာရှိဟောင်းတို့ စာချုပ်မှာ မြို့နယ် အုပ်ချုပ်ရေး ဒု ဦးစီးနဲ့မြို့နယ် မြေစာရင်း ဦးစီးဌာနက အဲဒီ ဒေသမှာ တာ၀န်ကျနေတဲ့ မြေစာရင်းက အရာရှိတွေလည်း အသိသက်သေ အဖြစ် လက်မှတ် ရေးထိုးထားပါတယ်။

မြို့နယ် မြေစာရင်း ဦးစီးဌာကို မေးတော့ ဦးစီးမှူးက အစည်းအဝေးမှာ ရောက်နေတယ် ၊ ဒီကိစ္စ သူဘဲ သိလိမ့်မယ်လို့ ပြောပါတယ်။