ရခိုင်ဓာတ်ငွေ့ကို ဒေသခံတွေ သုံးစွဲခွင့် လှုပ်ရှား

  • 29 ဒီဇင်ဘာ 2011
RNDP
Image caption RNDP ပါတီက လူထုအစည်းအဝေးလုပ်မယ်

ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့နဲ့ စွမ်းအင်ကို ရခိုင်ဒေသခံတွေ လည်း ခွဲဝေ သုံးစွဲနိုင်ရေး တောင်းဆိုမယ့် လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က ဦးစီးပြီး ကျင်းပ မယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဇန်နဝါရီ ၁ ရက်နေကျရင် လူထုအစည်းအဝေး ကျင်းပခွင့် အတွက် ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ လို့ ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ လွှတ်တော်အတွင်းမှာ တောင်းဆို ခဲ့ဖူးပေမယ့် မရခဲတဲ့အတွက် အခုလို လူထု အစည်းအဝေး ကျင်းပတဲ့ နည်းနဲ့ တောင်းဆိုတဲ့အခါ အစိုးရက အသိအမှတ်ပြု စဉ်းစားလာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ဒီပါတီကနေ ရခိုင် ပြည်နယ်ရဲ့ လိုလားချက်ကို လူထုကို ချပြပြီး လူထု အင်အားနဲ့ စုပေါင်း တောင်းဆိုဖို့ လုပ်တာဟာ အစိုးရသစ် တက်လာပြီးတဲ့ နောက် ပိုင်းမှာ ပထဆုံး အကြိမ် ဖြစ်ပါတယ်။

ရွှေးကောက်ပွဲ ကော်မရှင်က အဲဒီ လူထု အစည်းအဝေးကို လူပေါင်း ၅၀၀ ခန့် တက်ရောက် ခွင့်နဲ့ ဒေါက်တာ အေးမောင် အပါအဝင် လူပုဂ္ဂိုလ် ၆ ဦး ကို ဟော ပြောခွင့် ပြုထား တယ်လို့ ဆိုပါတယ်။