နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2011 - 22:01 GMT

ရန်ကုန် က မီးလောင်ပေါက်ကွဲမှု လူ ၁၇ ဦးသေဆုံး

Rangoon Fire Explosion

မီးလောင် ပေါက်ကွဲမှု က ရုပ်ရှင်ထဲ မှာ မီးတောင် ပေါက်ကွဲ သလိုပဲ လို့ မျက်မြင် တဦး ကပြော

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ် ဘက်က ABC စက်ဆန်းရှိ ကူးတို့ဆိပ် ရပ်ကွက် က ဂိုထောင်တွေမှာ ကြာသပတေး နေ့ မနက် ၂ နာရီ ကျော် မှာ ပေါက်ကွဲမှု နဲ့ မီးလောင်မှု တွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

လူ ပေါင်း ၉၀ ထက်မနည်း လည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူ တွေ ထဲမှာ မီးငြိမ်းသတ် ဖို့ ကြိုးစား ခဲ့ကြတဲ့ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး လည်း ပါဝင်ခဲ့ပြီး ဒဏ်ရာရကြတဲ့ သူတွေ ထဲမှာ အရန်မီးသတ် တပ်ဖွဲ့ဝင် တွေ အပါအဝင် မီးသတ်တပ်ဖွဲ့ က ၃ရ ဦး ပါဝင် ခဲ့တယ် လို့ မီးသတ် ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေ က ဘီဘီစီ ကို ပြောပါတယ်။

ဂိုထောင် တခု မှာ မီးစလောင် ပြီး တဲ့နောက် ပရဆေး သုံး ယမ်းစိမ်းတွေ လှောင်ထားရာ နေရာ ကို မီးကူး ပြီး ပေါက်ကွဲမှု တွေ ဖြစ်ခဲ့တာလို့ သူ က ပြော ပါတယ်။

အနီးတဝိုက် က အိမ်ခြေ ၂၅၀ နီးပါး လည်း မီးထဲပါသွား ခဲ့ရတယ် လို့ ဒုက္ခသည် တွေ ကို အကူအညီ ပေးဖို့ ရောက်သွား တဲ့ နာရေးကူညီ မှု အသင်း က အဖွဲ့ဝင် တဦး က ပြော ပါတယ်။

ပေါက်ကွဲသံဟာ ပြင်းထန် ကျယ်လောင်တဲ့အတွက် ရန်ကုန်မြို့က နေရာ အတော် များများ ကနေ အသံကြားရပြီး ပေါက်ကွဲမှု အနီးအနား က ရပ်ကွက် တွေမှာဆိုရင် တုန်ဟီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ပြီး အနီးဝန်းကျင်က ကားမှန်တွေ၊ အိမ်ပြတင်း မှန်တွေလည်း ကွဲကုန်တယ်လို့ ပြော ပါတယ်။

မြို့လယ် လောက်မှာ ရှိတဲ့ ယုဇန ပလာဇာ အထိ တောင် တုန်ခါ မှု က ရိုက်ခတ် ခဲ့တယ် လို့ ရန်ကုန် ဒေသခံ တဦး က ပြောပါတယ်။

အဲဒီ လောက် ပြင်းထန် တဲ့ ပေါက်ကွဲမှု ဖြစ်စေ လောက်အောင် မီးလောင်ခဲ့တဲ့ ဂိုထောင် အတွင်း မှာ ယမ်းစိမ်း ပမာဏ က ဘယ်လောက် အထိ ရှိ နေခဲ့ လဲ ဆိုတာ က မသိရ သေး သလို အဲသလို လှောင်ထားစဉ် က လုံခြုံရေး စည်းကမ်းချက် တွေနဲ့ အညီ ဟုတ်မဟုတ် ဆိုတာ ကတော့ မသိ ရသေး ပါဘူး။

ပေါက်ကွဲမှု အရှိန် ကြောင့် အားပြင်းပြင်း နဲ့ လွင့်ထွက်လာတဲ့ အင်္ဂတေ အုတ်ခဲ အပိုင်း အစ တွေ၊ အပိုင်းအစ အကျိုး အပျက် တွေ ထိခိုက်မှု လို့ သေဆုံး ဒဏ်ရာရမှု တွေ က မီးလောင် လို့ ထိခိုက်ခံရတဲ့ သူတွေထက် များ တယ် လို့ လည်း သိရပါတယ်။

မီးဘေးသင့်လို့ အိုးအိမ်မဲ့ သွား ကြသူတွေ အိမ်ထောင်စု ၂၀၀ ကျော် ရှိပြီး ဒုက္ခသည် တွေ ကို မင်္ဂလာတောင်ညွန့် မြို့နယ် ပုသိမ်ညွန့် ၆ လမ်း ထိပ်မှာရှိတဲ့ မဟာ ဝိဇယ ရာမ ကျောင်းမှ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး အကူအညီ ပေးထားပါတယ်။

မီးဘေးသင့် ဒုက္ခသည် အတော်များများ သူတို့ ကြုံခဲ့ရတဲ့ အဖြစ်ကြောင့် ထိတ်လန့်တုန်လှုပ်မှု တွေ ဖြစ်နေဆဲ လို့ အကူအညီ သွားပေးသူတွေ ကပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။