တစည နဲ့ NDF ကြားဖြတ် ရွေးကောက်ပွဲ နေရာ တဝက်ဝင်မည်

  • 31 ဒီဇင်ဘာ 2011
Elections
Image caption ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက်ကျင်းပမယ်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) တို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၀ စီလောက် ဝင်ဖို့ ရှိတယ်လို့ ပါတီ တာဝန် ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေး ကောက်ပွဲ ကျင်းပမယ်လို့ ဒီဇင်ဘာ လ ၃၀ ရက်နေ့က ကြေငြာခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကြံ့ခိုင်ရေး ပါတီပြီးရင် အမတ်နေရာ ဒုတိယ အများဆုံးရတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကတော့ အခု ကော်မရှင်ကနေ သတ်မှတ် လိုက်ပေးလိုက်တဲ့ အချိန်ဟာ သိပ်မစောလွန်းသလို နောက်လဲ မကျလွန်းပဲ အသင့်တော်ဆုံး အချိန်ဖြစ်တယ် ပြောပါတယ်။

တစည ပါတီဟာ လစ်လပ် နေရာ ၂၀ လောက်မှာပဲ ၀င်ပြိုင်မှာ ဖြစ်တယ်၊ အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဟောင်းတွေ ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ NLD တို့နဲ့ အဓိက ပြိုင်ရနိုင်တယ်လို့ တစညပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးဟန်ရွှေက ဘီဘီစီကို ပြောပြပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကလဲ မဲဆန္ဒနယ် ၂၀ လောက်မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဒီမိုကရေစီရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာကြောင့် သူပြိုင်မယ့် နေရာမှာ NDF က ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

အရင် ရွေးကောက်ပွဲတုန်းက ရှမ်းပြည်မှာ အဓိက ထားပြိုင်ခဲ့တဲ့ ရှမ်း တိုင်းရင်း သားများ ဒီမို ကရက်တစ် ပါတီ(SNDP) ကလဲ ရှမ်းပြည် မြောက်ပိုင်းက လားရှိုးမြို့နယ်၊ ရှမ်းပြည် တောင်ပိုင်းက ကလောမြို့နယ်နဲ့ ကချင် ပြည်နယ်က မိုးကောင်း မြို့နယ်တွေက နေရာ ၃ နေရာမှာ ဝင်ပြိုင်မယ်လို့ သိရပါတယ်။