အီရန် ဒုံးကျည် စမ်းသပ်မှု အောင်မြင်

  • 2 ဇန်နဝါရီ 2012
Iran ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန် ဒုံးကျည် စမ်းသပ်မှု

အီရန်နိုင်ငံက ဟော်မူးဇ် ရေလက်ကြားမှာ သူ့နိုင်ငံရဲ့ စစ်အင်အားကို ဖော်ထုတ်ပြသတဲ့ အနေနဲ့ ရေတပ် စစ်ရေး လေ့ကျင့်မှုပြုလုပ်နေရာမှာ နောက်ဆုံးနေ့မှာ တော့ မစ်ဇိုင်းဒုံးကျည်နှစ်လုံးကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ပြခဲ့ပါတယ်။

အီရန်လုပ် သင်္ဘောဖျက် ဒုံးကျည်ဟာ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ အီရန် ရေတပ် အရာရှိတယောက်က ပြောခဲ့ပါတယ်။

နောက်ထပ် ဒုံးကျည်တလုံးကလည်း အရင် ဒုံးကျည်ထက် ပိုပြီး အဆင့်မြှင့်တင် နိုင်ခဲ့တဲ့ ဒုံးကျည်တလုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ ရေနံ အဓိက တင်ပို့ရာ ဒေသကို သူတို့ အနေနဲ့ ထိန်းချုပ်နိုင်စွမ်းရှိကြောင်း အီရန်အနေနဲ့ ပြသဖို့ ကြိုးစားတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဘီဘီစီ တီဟရန် သတင်းထောက်က ပြောပါတယ်။

အီရန်နိုင်ငံရဲ့ ညူကလီးယား ရည်မှန်းချက်ကို တားမြစ်တဲ့ အနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အီရန်ကို ပိတ်ဆို့အရေးယူထားပေမဲ့ အီရန်ဟာ ဒုံးကျည်ကို သူ့အင်အားနဲ့ သူတည်ဆောက်ထုတ်လုပ်နိုင်ကြောင်း အနောက်ကမ္ဘာကို ပြသပြောကြားချင်တာဖြစ်နိုင်တယ်လို့လည်း ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။