မြန်မာနိုင်ငံ အကျဉ်းသားများ ထောင်ဒဏ်လျော့

  • 3 ဇန်နဝါရီ 2012
political_prisoners ဓာတ်ပုံ မူပိုင် bbc
Image caption ထောင်မှ လွတ်သူတွေ ကြိုဖို့ အသင့်ပြင်

မြန်မာနိင်ငံ အစိုးရအဖွဲ့ မှ သမ္မတ ဦးသိန်းစိန်က ၆၄ နှစ်ပြည့် လွတ်လပ်ရေး အထိမ်းအမှတ် အနေနဲ့ မြန်မာ နိုင်ငံ တဝန်း ရှိ ထောင်အသီးသီးမှ အကျဉ်းသားတွေကို ထောင်ဒဏ် တွေ လျှော့ပေးမယ်လို့ မနေ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ကနေ့က စတင်ပြီး အကျဉ်းသားတွေ လွတ်ငြိမ်းခွင့် ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် ပါဝင်နိုင်မယ် ဆိုတာ မသိကြပါဘူး။ ထောင်ဒဏ် သက်တမ်းကိုဘဲ လျှော့ပေးမယ့် အနေအထားမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူနိုင်ငံရေး အကျဉ်းသမား တွေ အနေနဲ့ လွတ်မြောက်ဘွယ်ရာ လမ်း မမြင်လို့ နိုင်ငံတော် ကို ပြန်လည် တည်ဆောက်ချိန်၊ မြန်မာ့နိုင်ငံရေးရဲ့ အဓိက သော့ချက် ကျတဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေး အစီအစဉ်တွေ အပေါ် သက်ရောက် ထိခိုက်နိုင်မယ် လို့ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ ပြည်သူတွေ ရော နိုင်ငံတကာ ကပါ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရ သစ်ကို ပန်ကြား ကြပေမယ့် သမ္မတ ရဲ့ လျှော့ရက် ခံစားရခွင့် ကို ကိုမင်းကိုနိုင် တို့လို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရ သူ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ နှစ် ၃ဝ ပဲ လျော့ပြီး ခံစားခွင့် ရှိနိုင်ပုံ ကို ဒေါက်တာ မြတ်ဉာဏစိုး က ရှင်းပြပါတယ်။

ပြည်ထောင်စု လွှတ်တော်က တဆင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး တောင်းဆို ဖို့ ဆိုရာမှာလည်း အုပ်ချုပ်မှု အာဏာ လက်ဝယ် မရှိတဲ့ အတွက် အမှု အလိုက် ပြန်လည် စစ်ဆေးပေးရန်သာ တောင်းခံနိုင်ကြောင်း ဘီဘီစီ ကို ဒေါက်တာ မြတ်ဉာဏစိုး က ပြောပါတယ်။