ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာရောက်

  • 5 ဇန်နဝါရီ 2012
william hague ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်

နှစ်ပေါင်း ခြောက်ဆယ် နီးပါး အတွင်း ပထမဆုံး အကြိမ် အဖြစ် ဗြိတိသျှ နိုင်ငံ ခြားရေး ဝန်ကြီး တယောက် မြန်မာ နိုင်ငံကို သွားရောက် နေပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ဟာ နေ ပြည်တော်ကို တိုက်ရိုက်သွားပြီး မြန်မာနိုင်ငံ ခြားရေး ဝန်ကြီးနဲ့ တွေ့မှာ ဖြစ်ပါတယ်။

နေ့လည်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပြီး ညနေပိုင်းမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ညစာ စားဖို့ ရှိပါတယ်။

မနက်ဖန်မှာ ၈၈ ကျောင်းသားတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။

မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဒီအပြောင်း အလဲတွေ ပိုပြီး ခိုင်မာအောင် ရေရှည်ခံအောင် ဗြိတိန် အနေနဲ့ လုပ်ဆောင် နိုင်တာတွေကို လေ့လာ ကြည့်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာအောင် မြန်မာ အစိုးရကို ပြောမယ်လို့လည်း ခန့်မှန်း ရပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့တုန်းက မြန်မာ အစိုးရက ကတိပေး ခဲ့ပေမယ့် မျှော်မှန်းသလို အကျဉ်းသားတွေ လွတ်မလာခဲ့ပါဘူး။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ယူကေ အခြေစိုက် Chatham House နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လေ့လာရေး ဌာနမှ အာရှရေးရာတာဝန်ခံ ကယ်ရီဘရောင်းကတော့ နိုင်ငံခြားရေး ဝန်ကြီး ခုချိန်မှာ သွားတာ သင့်တယ်လို့ သုံးသပ်ပါတယ်။

မြန်မာ အစိုးရက နိုင်ငံခြားနဲ့ ဆက်ဆံရေးကို ဂရု စိုက်လာတာ တွေ့ရပြီး အလုပ်ဖြစ်တဲ့ ကိုယ့် စီးပွားရေးကို အကူအညီ ဖြစ်စေမယ့် ဘယ်သူနဲ့ မဆို ဆက်ဆံ ပေါင်းသင်းဖို့ စဉ်းစားတဲ့ အခါ ယူကေနဲ့ ဆက်ဆံရေးကိုလည်း မြန်မာအစိုးရက အရေးကြီးတဲ့ဆက်ဆံရေး တခုလို သဘော ထားမယ် ထင်တဲ့အကြောင်း သူက ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဟာ မနက်ဖန် မြန်မာ နိုင်ငံက ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ပြည်တွင်းထဲက ဆက်သွယ်မေးမြန်းလို့ ရသူတွေ အပြောကတော့ သူ့ခရီးစဉ်ကို ကြိုဆို ပေမယ့် ထူးထူး ခြားခြား ဘာမှ မျှော်လင့် မထားကြဘူးလို့ ဝီလီယံဟိတ်နဲ့ အတူ လိုက်ပါ သွားတဲ့ ဘီဘီစီ သတင်းထောက် ဦးမင်းထက်က သတင်း ပေးပို့ ထားပါတယ်။