နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2012 - 01:10 GMT

အကျဉ်းသားလွှတ်တာ မလုံ လောက်သေးဘူးလို့ အမေရိကန် ပြော

Prisoners

မျှော်နေတဲ့ အကျဉ်းသားမိသားစုများ

မြန်မာနိုင်ငံက အကျဉ်းကျ ခံနေရသူတွေ အပေါ် အစိုးရရဲ့ ပြစ်ဒဏ် လျော့ပေါ့ပေးတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ခဲ့ပြီး မြန်မာ အစိုးရ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ဆိုရင် လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေနဲ့တင် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်က အမေရိကန် အစိုးရ ဖြစ်စေချင်တာနဲ့ ကွာဟ နေတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်းက ပြောပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံ အစိုးရတွေက စီးပွားရေး ပိတ်ဆို့ အရေးယူမှု တွေ လျော့ပေါ့ ရုတ်သိမ်းပေးဖို့ စဉ်းစားနိုင်မယ့် အချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့လည်း ပါဝင်နေပါတယ်။

မြန်မာအစိုးရက တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အောက်မှာဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေက မပါသလောက်ဖြစ်နေပြီး အခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်လောက်ပဲ ပါတာ တွေ့ရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြစ်ဒဏ် လျော့ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ကိုမင်းကိုနိုင်တို့လို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဦးခွန်ထွန်းဦး တို့လို့ တိုင်းရင်းသား ခေါင်းဆောင် တွေလည်း မပါသေးပါဘူး။

လွတ်လာတဲ့ အနည်းအကျဉ်းထဲမှာ မနေ့တုန်းက အင်းစိန်ထောင်ကနေ လွတ် လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကြည်သန်းကလည်း သူဟာ ပြစ်ဒဏ် လျော့ပေးလို့ လွတ်လာတာ မဟုတ်ပဲ လွတ်ရက်စေ့လို့သာ လွတ်လာတာ လို့ ဆိုပါတယ်။

လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေ မပါတာ ကြည့်ရင် အစိုးရမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆန္ဒရှိတာ မတွေ့ရသေးဘူးလို့ ကိုကြည်သန်းက ဆိုပါတယ်။

ရှမ်းပါတီက မျှော်လင့်ချက်ထား

နိုင်ငံရေး အကျဉ်းသားတွေ အများကြီး မလွတ်သေးပေမယ့် မျှော်လင့်ချက် ရှိပါသေးတယ်လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ဒုတိယဥက္ကဌ စိုင်းဆောင်ဆီက ပြောပါတယ်။

လက်ရှိ လွှတ်ပေးတဲ့ အနေအထားကို အားရမှု မရှိပေမယ့် အစိုးရအနေနဲ့ တဆင့်ချင်း လုပ်ဆောင်နေ တယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။