ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ကို ကန့်ကွက်

  • 4 ဇန်နဝါရီ 2012
tavoy ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ပါဝင်မယ့် ထားဝယ် စီမံကိန်း

ထားဝယ်ဒေသ အထူးစီးပွားရေး ဇုန် စီမံကိန်း ထဲမှာ ပါဝင်တဲ့ ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း ကို မကြာခင်မှာ အကောင်အထည် ဖေါ် တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း မှာ ပတ်ဝန်းကျင် ညစ်ညမ်း မှာ နဲ့ လူထု ကျန်းမာရေး ထိခိုက်မှာကို မလိုလားသူ တွေက မောင်းမကန် ကမ်းခြေမှာ ဒေသခံ တွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲ လုပ်ခဲ့ သလို ဒီစီမံကိန်း ရပ်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှု တခုကို လွတ်လပ်ရေးနေ့ က စတင် လုပ်ဆောင် ခဲ့ကြ ပါတယ်။

ထိုင်းနိုင်ငံက ITD လို့ခေါ်တဲ့ ထိုင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအဖွဲ့ နဲ့ မြန်မာ အစိုးရ တို့က ထားဝယ် နဲ့ ၁၂မိုင် အကွာ နဘူးလယ် အရပ်မှာ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံ ကို ဒေသခံ ၂၀၀ လောက် က ဒီစီမံကိန်း ကို မလိုလားဘူး ဆိုပြီး ကန့်ကွက်တဲ့ လှုပ်ရှားမှု ကို လုပ်ခဲ့ ကြ တာပါ။

သူတို့ဟာ Green Development ဆိုတဲ့ ခေါင်းစဉ် နဲ့ မောင်းမကန် ကမ်းခြေ သန့်ရှင်းရေး အတွက် အမှိုက်တွေ လိုက်လံ ရှင်းလင်း ခဲ့သလို ကျောက်မီးသွေး စက်ရုံရဲ့ ဆိုးကျိုး တွေ အကြောင်း လူထု တွေကို ရှင်းလင်း ပညာပေး ခဲ့တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ထားဝယ် ဒေသ ဖွံ့ဖြိုးရေး အဖွဲ့ ဒီဒီအေ ရဲ့ ဦးဆောင်သူ တယောက် က ဘီဘီစီ ကို ခုလို ရှင်းပြ ပါတယ်။ အခုလို ပြည်သူတွေနဲ့ တွေ့ဆုံပွဲကနေ လက်မှတ် ၇၅၀ ကျော် ကောက်ခံ ရရှိပြီး ဆက်လက် စုဆောင်းကြကာ သမ္မတ ဆီကို တင်ပြ သွားမယ် လို့ လည်း လှုပ်ရှားသူတွေ က ပြော ပါတယ်။

ဒီစက်ရုံ တည်ဆောက်မယ်ဆိုရင် ဒေသခံတွေ စိုးရိမ်သလို ဖြစ်လာမလား လို့ ထားဝယ် စီမံကိန်း အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေကို မေးကြည့် ရာမှာ တော့ ဘာမှ အန္တရာယ် မဖြစ်နိုင်ကြောင်း သူက ပြန်လည် ပြောဆို ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မှာ ရှိတဲ့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံက ထွက်တဲ့ မီးခိုးငွေ့တွေ၊ ပြာတွေ နဲ့ စက်ရုံ က စွန့်ပစ်ရေ တွေ ကြောင့် ဒေသခံတွေ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ အပါအဝင် ကျန်းမားရေး ထိခိုက်တဲ့ ပြဿနာ ကြုံနေ ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။