သူ့သက်တမ်းအတွင်း ဒီမိုကရေစီ ရမယ်လို့ ဒေါ်စု မျှော်လင့်

  • 5 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption သူသက်တမ်းအတွင်း ဒီမိုကရေစီရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် အစီအစဉ်နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ဘဝ သက်တမ်း အတွင်း ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာ ဖြစ်လာမယ် လို့ မျှော်လင့်ထားကြောင်း ပြောသွားပါတယ်။

ဒါပေမယ့် ဘယ်တော့ ဖြစ်မလဲ ဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။

တခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ သူဖြစ်စေချင်တဲ့ နှုန်းမျိုးနဲ့ သွားနေတာ မဟုတ်ပေမယ့် သိပ်နှေးလွန်းတယ်လို့တော့ မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ သမ္မတ ဦးသိန်းစိန်က လိုလားတယ် ဆိုတာကို ယုံကြောင်း၊ ဒါပေမယ့် အစိုးရအဖွဲ့တွင်းက တခြား အဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လို ရှိသလဲဆိုတာကိုတော့ တပ်အပ် မပြောနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို အစိုးရက အသိအမှတ်ပြု ဝန်ခံသည် ဖြစ်စေ၊ မဝန်ခံသည် ဖြစ်စေ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ အချိန် တန်ပြီလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြုပ်နှံမှုတွေ လာလုပ်ဖို့ အားပေးနိုင်တဲ့ အခြေအနေမျိုး မြန်မာပြည်မှာ ရှိမနေသေးဘူး လို့ ဖြေသွားခဲ့ပါတယ်။