ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့တွေ့

  • 5 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပြုပြင်ပြောင်းလဲမှုဆိုတာကို အပြောထက် အလုပ်နဲ့ လုပ်ပြဖို့လိုတယ်လို့ မစ္စတာ ဟိတ်ပြော

မြန်မာနိုင်ငံကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး တဦးအနေနဲ့ ၁၉၅၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဟာ နေပြည်တော်မှာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏေမာင်လွင် အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရခေါင်းဆောင်းပိုင်းက သူတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန်မဆုတ်တော့မယ့် လုပ်ငန်းစဉ်တွေပါလို့ မစ္စတာဟိတ်ကို အာမခံခဲ့ကြပါတယ်။

ဒါပေမယ့် မစ္စတာ ဟိတ်က ဒီအာမခံချက်တွေ တကယ်တန်းစစ်မှန်တယ် ဟုတ်တယ်ဆိုတာကို လက်တွေ့အလုပ်နဲ့ လုပ်ပြတာကို တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးက အဓိကကျတယ်၊ မကြာခင် လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ စစ်မှန်ပြီး တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးရမယ်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထိခိုက်နစ်နာသူတွေကို လူသားချင်းစာနာတဲ့ အထောက်အကူတွေ ပေးနိုင်အောင် စီစဉ်ပေးရမယ်၊ဒါမှ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ခိုင်မာတယ်ဆိုတာ သက်သေပြရာရောက်မယ်လို့ မြန်မာအစိုးရ ခေါင်းဆောင်းပိုင်းနဲ့ တွေ့ဆုံအပြီး ဘီဘီစီ မြန်မာဌာနရဲ့ အကြီးတန်း သတင်းထောက် ဦးမင်းထက်က မေးမြန်းခဲ့ရာမှာ မစ္စတာဟိတ်က ဖြေကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေဆိုတာမရှိဘူး။ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားတွေဘဲရှိတယ်လို့ လို့ ထပ်ပြောခဲ့ပြီး၊ သမ္မတကြီးအနေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို အခွင့်အခါသင့်သလို လွှတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်ပေးနေတယ်၊ နောင်ကိုလည်း အခါအားလျော်စွာ ပြစ်ဒဏ်လျော့ပေါ့ပေးတာမျိုး လုပ်သွားမှာပါလို့ ပြောခဲ့ပါတယ်။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရင် ဗြိတိသျှအစိုးရအနေနဲ့ အကူအညီတွေ ထပ်တိုးပေးမယ်၊ စီးပွားရေး နဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်နိုင်တယ်၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးတာမျိုးအထိ ဆောင်ရွက်နိုင်တယ်လို့ မစ္စတာဟိတ်က ပြောပါတယ်။

မစ္စတာ ဟိတ်ဟာ ရန်ကုန်မြို့မှာ ဒီနေ့ ညနေပိုင်းက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့ပြီး ညပိုင်းမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။