နိုင်ငံရေး အကျဉ်းသားဟောင်းတွေ့ဆုံပွဲ

  • 5 ဇန်နဝါရီ 2012
_insein_prison_ ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေး အကျဉ်းသားများ

၁၉၆၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် ကာလ အတွင်း ထောင်ဒဏ် ကျခံခဲ့ကြဖူးတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ တွေ့ဆုံပွဲကို မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

၈ မိုင်က ပေါက်စေတီ ခမ်းမမှာ ကျင်းပတဲ့ အဲဒီ တွေ့ဆုံပွဲကို ခေတ် အဆက်ဆက်က နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး တက်ရောက် ခဲ့ကြတယ်လို့ ကိုယ်တိုင် တက်ရောက် ခဲ့သူ နိုင်ငံရေး အကျဉ်းသား တွေက ပြောပါတယ်။

အဲဒီမှာ ဘယ်အကြောင်းအရာ တွေ ဆွေးနွေး ဖြစ်ခဲ့ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ် အထိ ထောင်ကျ ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းဦးကို ဘီဘီစီ က မေးတဲ့ အခါမှာ နိုင်ငံရေး အရ ရှေ့ဆက်လုပ်ရမယ့် အစီအစဉ် တွေပါဝင်ပုံ ရှင်းပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေး ဦးတည်ချက် ကို ဝိုင်းရံ ကြဖို့၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကျောင်းသား သမဂ္ဂ နဲ့ ကျောင်းသား အခွင့်အရေး စတာတွေ လည်း ဆွေးနွေးကြကြောင်း သိရပါတယ်။

လတ်တလော လွတ်ငြိမ်းချမ်းသာခွင့် အကြောင်း ဆွေးနွေး ကြရာ မှာတော့၊ နိုင်ငံတကာ ခေါင်းဆောင် တွေကို နိုင်ငံရေး အကျဉ်းသားတွေ ကို ခြွင်းချက် မရှိ လွှတ်ပေးပါ့မယ် လို့ အစိုးရ ခေါင်းဆောင်ပိုင်းက ပြောပေမယ့် လက်တွေ့မှာ မလိုက်လျော တဲ့ အတွက် နိုင်ငံတကာ မျက်နှာစာ မှာလည်း မျက်နှာ ပျက်စရာ ဖြစ်နေပုံ ကို ဦးထွန်းဦး က ဘီဘီစီ ကို ပြောပါတယ်။