ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနဲ့ တွေ့

  • 6 ဇန်နဝါရီ 2012
William Hague and Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption တွေ့ဆုံ အပြီး သတင်း ထောက် တွေရဲ့ မေးခွန်း တွေကို ဖြေခဲ့

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်က မြန်မာ နိုင်ငံမှာ အပြောင်း အလဲ တွေကို လက်တွေ့ လုပ်နေပြီလို့ ယုံကြည် ပေမဲ့ စစ်တပ်က ကျောထောက် နောက်ခံ ပြုထားတဲ့ အစိုးရ အပေါ် အလျင် စလို ဖိအားတွေ လျှော့ပေါ့ ပေးလို့တော့ မရ သေးဘူးလို့ သတိပေး ပြောကြားလိုက် ပါတယ်။

မစ္စတာ ဟိတ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ ဗြိတိန်နဲ့ တခြား ကမ္ဘာ့ နိုင်ငံတွေက မြန်မာ နိုင်ငံရဲ့ ဒီမို ကရေစီ ရေး ကို ရှေးရှုတဲ့ ကြိုးပမ်း အားထုတ်မှုကို အားပေး ထောက်ခံ သွားကြမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ သူတို့ တွေ့ဆုံခဲ့ အပြီး သတင်းထောက် တွေ မေးတာ ကိုလည်း ဖြေခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံဟာ ပြုပြင် ပြောင်းလဲဖို့ အချိန်ကောင်းကို ရောက်နေပြီ ဖြစ်ပြီး သမိုင်းဝင် အခွင့် အရေးကို အစိုးရပိုင်းက အမိအရ ယူသင့်တယ်လို့ မစ္စတာ ဟိတ်က ပြောခဲ့ ပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ ရှိနေသေးတဲ့ နိုင်ငံတစ်ခုဟာ ဒီမိုကရေစီရေး လမ်းကြောင်းကို သွားနေပါတယ် ဆိုတာ ဘယ်လိုမှ ပြောလို့ ရမှာ မဟုတ်ဘူးလို့လည်း မစ္စတာ ဟိတ်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ မြန်မာ အပေါ် နိုင်ငံ တကာရဲ့ ပိတ်ဆို့ အရေး ယူမှု တွေကို ပယ်ဖျက် ပေးဖို့ ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုတယ်၊ တိုင်းရင်းသား ဒေသ တွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်း ရပ်တန့်ဖို့ လိုတယ်လို့ ပြောသွား ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သုံးသပ်ချက်

မြန်မာ နိုင်ငံမှာ ဒီမို ကရေစီရေး ဖြစ်ပေါ် တိုးတက်မှု တွေ စတင် နေပြီဆိုတာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက အသိ အမှတ်ပြု ပေမဲ့ အစိုးရ အပေါ် ဖိအားတွေ လျှော့ပေါ့ ပေးလိုက် ရလောက်အောင် အထိတော့ တိုးတက်မှု မရှိ သေးဘူးလို့ ပြောခဲ့တာဟာ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ နှေးကွေး တာကို အားမလို အားမရ ဖြစ်နေ တဲ့ သဘောပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိန် နိုင်ငံ ခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင် ဆန်း စုကြည် တို့ ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့

ဒီလို နှေးကွေး နေရ တာနဲ့ ပတ်သက်လို့ အဓိက ထောက်ပြ နေကြတဲ့ အကြောင်း အရာက လည်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အခုချိန်ထိ လွှတ်မပေးသေးတဲ့ ကိစ္စ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းက နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးပါ့မယ် ဆိုတဲ့ ကတိတွေ ကို ပေးခဲ့ကြ ပေမဲ့ အခု ချိန်ထိ လွတ်မလာ သေးတဲ့ အတွက် အစိုးရ အဖွဲ့တွင်းမှာ သဘောထား အမြင်ချင်း တပြေးညီ မရှိကြတာကို တွေ့ရနိုင်တယ်လို့ မြန်မာ ပြည်သူ တချို့က ယူဆ နေကြောင်းလည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးရင် မြန်မာ အစိုးရ အနေနဲ့ စီးပွားရေး အရရော သံတမန်ရေး အရပါ အကျိုး ကျေးဇူးတွေ ရနိုင်တဲ့ အတွက် လက်ရှိ အနေ အထား မှာတော့ မြန်မာ အစိုးရ အပေါ်မှာ မူတည် နေပါတယ်လို့ ဝီလျံဟိတ်ရဲ့ ခရီးစဉ် အတွက် သတင်း ရယူဖို့ မြန်မာ နိုင်ငံကို ရောက်နေတဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က အကြီးတန်း သတင်းထောက် ဦးမင်းထက် က ပြောပါတယ်။