၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ မစ္စတာဟိတ် တွေ့ဆုံ

  • 6 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဟိတ်ဟာ ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် တခြား တက်ကြွလှုပ်ရှားသူတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမြတ်သူ၊ ကိုမြတ်ကိုနဲ့ မဇင်မာအောင် စတဲ့ သုံးယောက်နဲ့ ကိုဇာဂနာ၊ ကိုမျိုး ရန်နောင်သိန်း၊ ကိုဖြိုးမင်းသိန်း တို့ကို အတူ တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ စစ်တပ်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်လို့ စစ်တပ်အနေနဲ့ စိတ်အားထက်သန်မှု ရှိအောင် စည်းရုံးနိုင်ခဲ့မယ် ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးအတွက် ပိုပြီး လွယ်ကူ ချောမွေ့မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ဆွေးနွေးခဲ့ကြောင်း ကိုမြတ်သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက အဓိက ဆုံးဖြတ်ချက် ချတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ သမ္မတက စာထုတ်ခဲ့ပေမယ့် တကယ်တန်းမှာ တိုက်ပွဲ တွေ ဆက်ဖြစ်နေကြောင်း ကြားသိရတဲ့အတွက်၊ တပ်မတော်ဘက်က သဘောထားဟာ အလွန်တရာ အရေးကြီးကြောင်း ကိုမြတ်သူက ရှင်းပြပါတယ်။

မစ္စတာဟိတ်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ဖို့အတွက် ပိုမို စုံလင်တဲ့ အမြင်တွေကို သိချင်လို့ လာရောက်ဆွေးနွေးတာ ဖြစ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် မူဝါဒချမှတ်ရာမှာလည်း အခုဆွေးနွေးချက်တွေက အများကြီး အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း မစ္စတာ ဟိတ်က ပြန်လည်ပြောကြားခဲ့တယ်လို့ ကိုမြတ်သူက ပြောပါတယ်။