နိုင်ကျဉ်းတွေ အမြန်လွှတ်ဖို့ ဝီလီယံဟိတ်ပြော

  • 6 ဇန်နဝါရီ 2012
william hague ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးကို ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ တွေ့ရစဉ်

မြန်မာ နိုင်ငံ ခရီးစဉ် အပြီး ဗြိတိသျှသံ ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲ ကိစ္စတွေကို ပြောသွား ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်မလာ သေးတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး ယုံကြည် ချက်ကြောင့် အဖမ်းခံ ရတာမျိုးက ဒီမိုကရေစီလို့ ခေါ်တဲ့ နိုင်ငံတွေမှာ မရှိရဘူးလို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွတ်လာအောင် အစိုးရကို သူတိုက်တွန်းခဲ့တဲ့အကြောင်း လည်း ပြောသွားပါတယ်။

ဝန်ကြီးတွေနဲ့ တွေ့တဲ့အခါ သူတို့အားလုံးက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ကြောင်း ဝီလီယံဟိတ်က ပြောပါတယ်။

မကြာခင်မှာ ကြားဖြတ် ရွေးကောက်ပွဲတွေ လုပ်တော့မှာမို့ ဒီရွေးကောက်ပွဲတွေဟာ သိက္ခာ ရှိတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ နောက် နိုင်ငံရေး ပါတီ အားလုံး ဝင်ပြိုင်နိုင်ဖို့ အရေးကြီးတယ်လို့ လည်း ပြောပါတယ်။ အင်အယ်ဒီ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာကိုလည်း ကြိုဆိုတဲ့ အကြောင်း ကမ္ဘာကလည်း ဒီရွေးကောက်ပွဲတွေကို စောင့်ကြည့်နေမှာ ဖြစ်တဲ့ အကြောင်း ပြောသွားပါတယ်။

တခါ နယ်စပ်ဒေသတွေက တိုက်ပွဲတွေနဲ့ပတ်သက်လို့လည်း ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲ ကြောင့် ဒုက္ခသည်ပေါင်း သောင်းချီပြီးတော့ အိုးအိမ်ပစ် ထွက်ပြေး နေရတာတွေ ရှိတဲ့ အတွက် ဒီလူတွေ အတွက် အကူအညီ အထောက်အပံ့တွေကို ကုလသမဂ္ဂကနေ သူတို့ သွားပို့ချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် ပို့ပေးနိုင်အောင် ခွင့်ပြုဖို့ လိုတယ်လို့လည်း ပြောသွားပါတယ်။

နောက်တခါ တိုင်းရင်းသားတွေနဲ့ အဓိပ္ပါယ် ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ပြောသွားပါတယ်။

သတင်းထောက် တယောက်က အစိုးရသစ်ဟာ လမ်းကြောင်းမှန်ပေါ် လျှောက်နေတယ်လို့ ယူဆလားဆိုပြီး မေးရာမှာ ယူဆတဲ့ အကြောင်၊ သမ္မတ ဦးသိန်းစိန်နဲ့ စကား ပြောတဲ့အခါမှာ သူက ဒီမိုကရေစီ တိုးတက် ရရှိရေးအတွက် လုပ်ဆောင်ချက်တွဟာ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ပြောတာကို သဘောကျကြောင်း၊ ဒါတွေကို သူတို့က အသိအမှတ် ပြုကြောင်း၊ လမ်းကြောင်းမှန်ပေါ် လျှောက်နေတယ်ဆိုယင် သင့်တော် မှန်ကန်တဲ့ နှုန်းနဲ့ လျှောက်ဖို့လည်း အရေးကြီးတဲ့ အကြောင်း ပြောသွားပါတယ်။