CNF ချင်းတပ်ဦး နဲ့ အစိုးရ သဘောတူညီချက်ရ

  • 7 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Chinland Guardian
Image caption လက်မှတ်ရေးထိုးပြီး နှစ်ဘက်ကိုယ်စားလှယ် တွေ နှုတ်ဆက်ခဲ့ကြ

ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့၊ ချင်းပြည်နယ် ဟားခါးမြို့ မှာ အပစ်အခတ် ရပ်ဆဲရေး ဆွေးနွေးပွဲ ကျင်းပရာမှာ သဘော တူညီချက် တွေ ရရှိ ကြပါတယ်။ နှစ်ရက်ကြာ ဆွေးနွေးပွဲ အတွင်းမှာ မြန်မာ အစိုးရဘက်က ရထားပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တက်ရောက်ပါတယ်။

CNF ဘက်က ဒေါက်တာရွှေခါး နဲ့ ဦးပုရာနင်း တို့က ဦးဆောင် ဆွေးနွေးရာမှာ အချက် ၉ ချက် သဘောတူ လက်မှတ်ရေးထိုး ဖြစ်ကြောင်း CNF အထွေထွေ အတွင်းရေးမှူးချုပ် ဦးပုဇင်ကျုံး က ဘီဘီစီ ကိုပြောပါတယ်။

အဓိက သဘောတူညီချက် အနေနဲ့တော့ အပစ်အခတ် ရပ်ဆဲရေးနဲ့ ဆက်ဆံရေး ရုံး ဖွင့်လှစ်ခွင့်၊ လက်နက်ကိုင်စွဲခြင်း မပြုကြဘဲ ချင်းပြည်နယ် အတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်၊ ချင်းတိုင်းရင်းသားတွေ စားနပ်ရိက္ခာ နဲ့ ဆေးဝါး ပြတ်လပ်မှု ကို ဖြေရှင်းပေးတဲ့ ပရဟိတ အဖွဲ့ တွေ လွတ်လွတ် လှုပ်ရှား ခွင့် ပြုရေး စတာတွေ ပါဝင် တယ်လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။

နှစ်ဘက် ဆက်လက်ဆွေးနွေးရမယ့် အချက်တွေထဲမှာ ပြည်ထောင်စု တိုင်းရင်းသားတွေ အနေနဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုတဲ့ အချက်လည်း ဦးပူဇင်ကျုံး က ပြောပြပါတယ်။ ဒါ့အပြင် တိုင်းရင်းသား တွေ အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုရာမှာ လည်း အကြေအလည်ဆွေးနွေးစရာ ရှိနိုင်သေးကြောင်းလည်း ဘီဘီစီ ကို ရှင်းပြပါတယ်။