နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ပြန်လည်စတင်

  • 8 ဇန်နဝါရီ 2012
Image caption အခု လှုပ်ရှားမှုကို တနင်္ဂနွေနေ့တိုင်း လုပ်ဆောင် မှာဖြစ်ပါတယ်

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့၀င်တွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားမိသားစု ကွန်ယက် ဝင်တွေပါတဲ့ လူ ၇၀ ကျော်လောက်ဟာ ဒီကနေ့မှာ ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသား မိသားစု၀င်တွေရဲ့ နေအိမ် တွေကို လိုက်လံ အားပေးခဲ့ကြပါတယ်။

လှုပ်ရှားသူတွေဟာ အကျဉ်းကျနေတဲ့ ကိုပြုံးချို ၊ ကိုအောင်သူ၊ မမီးမီး၊ ကျော်ကိုကို စတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ရဲ့ မိသားစုတွေရဲ့ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်ပြီး ကူညီ ထောက်ပံ့တာတွေ၊ အားပေးစကားတွေ ပြောခဲ့ကြတာပါ။

အကျဉ်းသား မိသားစုတွေကို အားပေးရင်းနဲ့ တဖက်ကလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကို ဖော်ညွှန်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင်တာ ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင် ကိုစိုးထွန်းက ဘီဘီစီကိုပြောပါတယ်။

သူတို့ လှုပ်ရှားမှုတွေကို အခုအပတ် တနင်္ဂနွေကစပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ခုလို လူစုလူဝေးနဲ့ တအိမ်တက်ဆင်း လိုက်လံ အားပေးတာတွေ လုပ်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါ တယ်။

ဒီလှုပ်ရှားမှုကို အလွှာပေါင်းစုံက ပါဝင်လာပြီးတော့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက် တဲ့အထိ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ကိုစိုးထွန်းက ဆက်ပြော ပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လက ကုန်ဈေးနုန်း ကျဆင်းရေးလှုပ်ရှားမှုမှာ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသား အတော်များများ အဖမ်းခံရပြီး၊ ကိုစိုးထွန်းလည်း တိမ်းရှောင်ခဲ့ရာကနေ မကြာခင်ကဘဲ လူထုရှေ့မှောက် ပြန်ထွက်ပြီးတော့ နိုင်ငံရေးတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။