ကချင် ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေ

  • 8 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption နားခိုစရာအတွက် ယာယီတဲတွေ ဖြစ်သလို ဆောက်ပြီး ဒုက္ခသည်တွေ နေနေကြရ

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ဒေသမှာ နေရပ်ဌာနေ စွန့်ခွာ ထွက်ပြေးလာရတဲ့ ဒုက္ခသည်ပေါင်း အခုအခါ ၆သောင်း လောက်အထိ ရှိလာနေပြီး ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီး လိုအပ်နေ တယ်လို့ ဂျာမနီနိုင်ငံ အခြေစိုက် People In Need ပရဟိတ အဖွဲ့က ပြောပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသတွေမှာ ဒုက္ခသည် တွေကို ခရစ်ယာန် ဘုရားကျောင်းဝင်းတွေထဲမှာ စောင့်ရှောက်ထားရပြီး ဘုရားကျောင်းဝင်းတွေ ထဲမှာ နေရာနဲ့မမျှ ဒုက္ခသည်တွေ ပြည့်လျှံနေကြောင်းနဲ့ အဲဒီမှာ လနဲ့ချီ နေနေကြရသူတွေ ရှိနေသလို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က အပစ်ရပ်ဖို့ ညွှန်ကြားထားတဲ့ကြားက တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ နေ့စဉ်နဲ့ အမျှ ထပ်ရောက်လာနေ ကြောင်း၊ မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ People In Need အဖွဲ့က ဒေါက်တာ Gerhard Baumgard က ဘီဘီစီကို ပြောပြပါတယ်။

လူတွေ ပြည့်ညပ်နေသလို တိုက်ပွဲဒဏ်ကြောင့်လည်းအကြီးအကျယ် စိတ်သောက ဖိစီးနေကြကြောင်း၊ ဒုက္ခသည်တွေအနေနဲ့ သူတို့ နေရပ်ကို ပြန်သွားချင်ကြပေမယ့် သူတို့ရွာတွေ၊ လယ်ခင်းတွေ မီးရှို့ခံခဲ့ရသလို သူတို့ အိမ်တွေမှာလည်း စစ်တပ်က ဝင်နေနေကြတဲ့အတွက် မပြန်ရဲပဲ ဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကချင်ဒေသက ဒုက္ခသည်တွေ အဓိက လိုအပ်နေတာ စားနပ် ရိက္ခာ အကူအညီ ဖြစ်ပြီး အဲဒီမှာ အကူအညီပေးနေတဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ စီမံကိန်း ကုလသမဂ္ဂ အဖွဲ့ရဲ့ ကယ်ဆယ်ရေး အကူအညီတွေ အလုံအလောက် ထောက်ပံ့ခွင့် မရတဲ့အတွက် စားနပ် ရိက္ခာတွေ မကြာခင် ပြတ်လပ်သွားမယ့် အခြေအနေမျိုး ရှိနေကြောင်း၊ ဒုက္ခသည် အများစုဟာ ရွက်ဖျင်တဲတွေ၊ ဝါးတဲတွေမှာ နေနေရပြီး ညဖက်မှာ အအေးဒဏ် ကာကွယ်ဖို့ ခြုံစောင်တွေလည်း အရေးတကြီး လိုနေကြောင်းနဲ့ တချို့နေရာတွေမှာ သောက်သုံးရေ အလုံအလောက် မရတာတွေ ရှိနေပြီး မကြာခင် ခြောက်သွေ့ရာသီ ရောက်လာတော့မှာမို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေကြောင်း ဒေါက်တာ Gerhard Baumgard က ပြောပါတယ်။

အဲဒီမှာ ဒုက္ခသည်တွေကို အများအားဖြင့် ကယ်ဆယ်ရေး အကူအညီပေးနေတာက ဒေသခံ ဘာသာရေး အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တွေ ဖြစ်ပြီး အစိုးရ အဖွဲ့အစည်းတွေက လာရောက် အကူအညီ ပေးတာမျိုး မတွေ့ခဲ့ရဘူး လို့လည်း ပြောပြပါတယ်။

ဒုက္ခသည်တွေကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်က တတ်နိုင်သလောက် ထောက်ပံ့ အကူအညီ ပေးနေတယ်လို့ အဲဒီက နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာတဦးက သူ့ကို ပြောပြကြောင်း၊ ဒုက္ခသည်တွေကို အကူအညီတချို့ ပေးချင်တယ် ဆိုပြီး ပါလီမန် လွှတ်တော်က ကမ်းလှမ်းခဲ့တုန်းကတော့ ဘယ်လို အကူအညီမျိုးဆိုတာ မသေချာတဲ့အတွက်ဆိုပြီး KIO ကချင် လွတ်မြောက်ရေး အဖွဲ့က လက်မခံခဲ့ကြောင်း ဒေါက်တာ Gerhard Baumgard က ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို သွားရောက် ကြည့်ရှုခွင့်မပြုတာဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေမို့ လုံခြုံရေးကြောင့် ဆိုပြီး အစိုးရက အကြောင်းပြထားကြောင်း၊ ဒါပေမယ့်လည်း ရှမ်းပြည်က နယ်စပ်ဒေသ တချို့မှာဆို အိုးအိမ် စွန့်ခွာ ထွက်ပြေးတဲ့ IDP ဒုက္ခသည်တွေ ရှိနေတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပေမယ့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ သွားခွင့်မရသေးကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နှစ်ပေါင်း ၅၀ကျော်အတွင်း မြန်မာနိုင်ငံကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတဦးအဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ မစ္စတာ William Hague က ကချင်ဒေသဆီ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ သွားခွင့်ပြုဖို့ အစိုးရကို တိုက်တွန်း ခဲ့သလို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ကချင်ဒေသက ဒုက္ခသည်တွေနဲ့ ဒေသခံတွေရဲ့ အခြေအနေ ဆိုးဝါးလာနေကြောင်းနဲ့ ကချင်အရေးကို အရေးတကြီး ဆောင်ရွက်ဖို့ လိုကြောင်း ပြောသွားပါတယ်။