ဘုရားသုံးဆူမြို့နယ် ဘုရားပွဲတခုမှာ ဗုံးပေါက်ကွဲ

  • 8 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc burmese
Image caption ဗုံးဖေါက်ခွဲမှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာ အခုအချိန်အထိ မသိရသေးပါ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲက အနန်းကွင်း ကျေးရွာ ဘုရား ပွဲမှာ မနေ့ည ၁၁ နာရီက ဗုံးပေါက်ကွဲခဲ့လို့ လူ ၄ ဦး သေဆုံးသွားပြီး လူ ၄၅ ဦး ထက်မနည်း ဒါဏ်ရာရရှိသွား ပါတယ်။

အခုဗုံးဖေါက်ခွဲမှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါ။

သေဆုံးဒဏ်ရာ ရသူ အားလုံးနီးပါးဟာ ကရင်လူမျိုးတွေ ဖြစ်ကြပြီး၊ သံပုရာရွာသားက (၁၃) ဦး၊ တောင်စွန်းရွာသား (၂) ဦး၊ မုဒုံမြို့မှ ဈေးသည် (၂) ဦးနဲ့ ခုန်ခန်ကျေးရွာက တဦး နဲ့ တခြားသူတွေကတော့ အနန်းကွင်း ရွာသားတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အခုဗုံးပေါက်တဲ့နေရာဟာ အနန်းကွင်းကျေးရွာမှာ အခြေစိုက်တဲ့ အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ဗျူဟာရုံး ခြံစည်းရိုးနဲ့ ကပ်ရပ်ဖြစ်ပါတယ်။

ပွဲတော်လုံခြုံရေးကို စစ်ဆင်ရေးနဲ့ ကွပ်ကဲရေး ဌာနချုပ် စကခ (၁၉) လက်အောက်ခံ တပ်ရင်း တခုက တာ၀န်ယူထားတဲ့ကြားက အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။