ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ပယ်ဖျက်

  • 9 ဇန်နဝါရီ 2012
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဓာတ်ပုံ မူပိုင် DDP
Image caption ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း

တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံချက် မှာ သုံးစွဲဖို့ မဂ္ဂါဝပ် လေးထောင်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဆက်မလုပ်ဖို့ ရပ်ဆိုင်းလိုက်ပါတယ်။ အစပျိုး လုပ်ဆောင်မယ့် မဂ္ဂါဝပ် ၄၀ဝ လျှပ်စစ် စက်ရုံကိုလည်း လုပ်သင့် မသင့် ဆိုတာကို ပြန်လည်သုံးသပ် စဉ်စားမယ်လို့ အမှတ်(၂ ) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်မှာမို့ လျှပ်စစ် မဂ္ဂါဝပ် ၄၀ဝ၀ ထွက်မယ့် ထာဝယ်က ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ ကို ရပ်ဆိုင်းမယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမှတ်(၂ ) လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောသွားတာဖြစ်တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ရုံးအရာရှိက ပြောပါတယ်။

ဒါ့အပြင် အစပျိုးလုပ်ဆောင်မယ့် မဂ္ဂါဝပ် ၄၀ဝ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံးကိုလည်း လုပ်သင့်မသင့်ကို ပြန်လည်စဉ်းစားမယ်လို့ ဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

အခုလိုရပ်ဆိုင်းလိုက်တာနဲ့ပတ်သက်ပြီး ကျောက်မီးသွေးလျှပ်စစ်စက်ရုံလုပ်ငန်းကို ကန့်ကွက်နေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ကိုလေးလွင်ကတော့ ကျောက်မီးသွေးသုံး စက်ရုံမတည်အောင်ဆက်လက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်ထုတ်မယ့်အစား လေအားလျှပ်စစ်စက်ရုံ၊သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံးတွေနဲ့ အစားထိုးလုပ်နိုင်တယ်လို့ ဦးလေးလွင်က ထောက်ပြသွားပါတယ်။