မလေးရှား အတိုက်အခံ ခေါင်းဆောင်ကို တရားသေလွှတ်

  • 9 ဇန်နဝါရီ 2012
Malaysia
Image caption မလေးရှား အတိုက်အခံခေါင်းဆောင်

မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါအီဘရာဟင်မ် ကို ဘာသာတရားနဲ့ ဆန့်ကျင်ပြီး ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုနဲ့ တရားစွဲဆိုထားခဲ့ရာကနေ အခုအခါ တရားသေ လွှတ်ပေးလိုက်ပါပြီ။

သူ့ကို သူ့ရဲ့ ရုံးအဖွဲ့ဝင် အမျိုးသားတယောက်နဲ့ လိင်ဆက်ဆံမှုရှိတယ် လို့ စွပ်စွဲခဲ့တာဖြစ်ပြီး အမှုမှာ တင်ပြခဲ့တဲ့ ဒီအန်အေ သက်သေဟာ မခိုင်လုံဘူးလို့ တရားသူကြီးက ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အခုလို သူ့ကို လွှတ်ပေးလိုက်တဲ့ အတွက် အံ့သြဝမ်းသာကြောင်း အန်နဝါ အီဘရာဟင်မ်က ဘီဘီစီ ကို ပြောခဲ့ပေမဲ့ မလေးရှားဟာ အာဏာရှင် နိုင်ငံ အဖြစ်ဆက်ရှိနေသေးတယ်လို့ သူကဆိုပါတယ်။

ဒီအမှုဟာ သူ့ကို နိုင်ငံရေးက ပထုတ်ဖို့ လုပ်တဲ့အမှုဖြစ်တယ်လို့ သူဟာ တောက်လျောက် ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုသူလွတ်လာပြီးနောက်မှာ အတိုက်အခံခေါင်းဆောင်အဖြစ် ဆက်လက် ဆောင်ရွက်မယ်လို့လည်းပြောသွားပါတယ်။ ဘာပဲ ပြောပြော အခုလို သူ့ကို လွှတ်ပေးတာဟာ အတိုက်အခံ နိုင်ငံရေး အတွက်တော့ အထောက်အပံ့ဖြစ်တယ်လို့ လည်းဆိုပါတယ်။

သူ့ကို ဒီနေ့ တရားရုံးက တရားသေလွှတ်ကြောင်းကြေငြာချိန်မှာပဲ တရားရုံးပြင်ပမှာ အသေးစားပေါက်ကွဲမှုလေးတွေလည်း ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူနှစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။