ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံအပေါ်စာနာမှု အကူ

  • 9 ဇန်နဝါရီ 2012
kachin_refugees
Image caption ကချင်ဒုက္ခသည်များ

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် အာရှော့နီဂမ်က ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ထောက်ပံ့မှု ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းစာရင် အင်မတန် နည်းပါးနေတဲ့ အတွက်သဘာဝ ဘေးအန္တရာယ် နဲ့ရင်ဆိုင်ရတဲ့ အခါဖြစ်စေ၊ ရွာပြေးရွာရှောင် စစ်ပြေးဒုက္ခသည် တွေကူညီရာမှာ ဖြစ်စေ စိမ်ခေါ်မှု နဲ့ရင်ဆိုင်ရကြောင်း ဘီဘီစီကိုပြောပါတယ်။

ကချင်ပြည်နယ် တခုထဲမှာပင် စစ်ပြေးဒုက္ခသည် ငါးသောင်း ရှိနေတဲ့ အတွက် သူတို့ကို အရေးပေါ် ကူညီဖို့ လိုအပ်သလို တခြား တိုင်းရင်းသား ပြည်နယ်တွေ မှာလည်း အကူအညီ ပံ့ပိုးဖို့ လိုအပ်ကြောင်း မစ္စတာ နီဂမ် က ပြောပါတယ်။

ကချင်ပြည်နယ်ဖက် ကွန်ဗွိုင်ကားတန်း နဲ့ ထောက်ပံ့ရေး ပစ္စည်း တွေ သွားရောက်ပို့ရာမှာ အစိုးရ၊ စစ်တပ် နဲ့ KIA, KIO ဘက်ကပါ ကူညီတဲ့ အတွက် UNICEF, UNHCR နဲ့ UNOCHA တို့က ထောက်ပံ့ပစ္စည်း တွေ ဒုက္ခသည်တွေဆီ ရောက်အောင် ပို့နိုင်ပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။

အစိုးရဘက်ကလည်း တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေဆဲမို့ တဖက်က ဒုက္ခသည်တွေ ကူညီရေး အပိုင်းမှာ နိုင်ငံရေးနဲ့ မပတ်သက်စေဘဲ ခြွင်းချက် မရှိ ကူညီခွင့် တောင်းပုံ ကို မစ္စတာ နီဂမ်က ပြောပါတယ်။

မြန်မာအစိုးရ ဘက်က ပြုပြင်ရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်လို့ အလှူရှင်နိုင်ငံတွေ အနေနဲ့ လည်း ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း နဲ့ ရင်ဆိုင်ရချိန် ဖြစ်ပေမယ့် ပံ့ပိုးမှုတွေ ပိုမို လုပ်ပေးကြမယ် လို့ မျှော်လင့်ကြောင်း မစ္စတာ နီဂမ်က ဘီဘီစီ ကို ရှင်းပြပါတယ်။