လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် ကူညီစေလို

  • 9 ဇန်နဝါရီ 2012

မြန်မာ နိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဆောင်ရွက် ချက် တွေနဲ့ ပတ်သက်ပြီး လေ့လာ ဆွေးနွေးဖို့ အတွက် အမေရိကန် ပြည်ထောင်စု က အထူး သံတမန် အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိ နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ နိုင်ငံသားတွေ အိမ်နီးချင်း နိုင်ငံ တွေကို လူကုန်ကူး ခံရတာ များ

လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ လူးဝစ် ဒဘာဆာ Luis CdeBaca နဲ့ တွေ့ဆုံ ဆွေးနွေး ရာမှာ ပါဝင်တဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်းများ ဌာနရဲ့ ဌာနမှူး ရဲမှူးကြီး ဦးစိုးမြိုင် က သူတို့ အခုလို လာရောက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ အစီရင်ခံစာ ပါ အကြံပြုချက် တွေကို မြန်မာ နိုင်ငံမှာ အကောင် အထည်ဖော် လုပ်ဆောင် နေတယ် ဆိုတာ ရှင်းပြ နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဒဘာကာ ကတော့ မြန်မာ နိုင်ငံ ဘက်က ကြိုးပမ်း ဆောင်ရွက်ချက် တွေကို အသိ အမှတ် ပြုပေမဲ့ ဥပဒေ ချိုးဖောက်သူ တွေကို ဖမ်းမိတယ် ဆိုရုံနဲ့ ကျေနပ် မနေဘဲ အရည် အချင်း ပြည့်ဝတဲ့ ရဲ အရာရှိတွေ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်း ခဲ့တယ်လို့ ရဲမှူးကြီး ဦးစိုးမြိုင်က ပြောပါတယ်။

သူတို့ အနေနဲ့ လူကုန်ကူးမှု တားဆီး နိုင်ရေး အတွက် မြန်မာ အစိုးရက စီမံကိန်း ချမှတ် ဆောင်ရွက် နေပေမဲ့ လူကုန်ကူးမှု ပြဿနာ တွေက လျော့ပါးမသွား သေးဘူးလို့ လည်း သူက ပြော ပါတယ်။

ဒါကြောင့် လူကုန်ကူးမှု ပြုလုပ်သူတွေ ဘက်က မလုပ်နိုင်အောင်၊ လူကုန်ကူး ခံရ နိုင်တဲ့ အန္တရာယ် ရှိနိုင် သူတွေ အတွက်လည်း အသိဉာဏ် ပိုလာအောင် နိုင်ငံတကာနဲ့ လက်တွဲ လုပ်ဆောင် သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရက မြန်မာ နိုင်ငံကို လူကုန်ကူးမှု ပြဿနာ ရှိနေတဲ့ နိုင်ငံတွေ ထဲမှာ အနိမ့်ဆုံး အဆင့်ထဲမှာ သတ်မှတ်ထားတဲ့ အတွက် စိတ်မကောင်း ဖြစ်မိ ကြောင်းနဲ့ အခုလို သံတမန် ကိုယ်တိုင် လာရောက် လေ့လာ သွားပြီးတဲ့ နောက်မှာတော့ သူတို့ ဘက်က အောင်မြင်အောင် လုပ်ဆောင်နေမှုတွေကို သိရှိသွားပြီး ပိုမို ပူးပေါင်း ဆောင်ရွက်လာဖို့ မျှော်လင့်တယ်လို့ နိုင်ငံ ဖြတ်ကျော် မှုခင်းများ ဌာနရဲ့ ဌာနမှူး ရဲမှူးကြီး ဦးစိုးမြိုင်က ဘီဘီစီ ကို အပြောပါတယ်။

အမေရိကန် သွတမန်က ပြည်ထဲရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တခြားပြည်ထောင်စုဝန်ကြီးတွေနဲ့ လည်း တွေ့ဆုံပြီး လူကုန်ကူးမှု ပြဿနာကို ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။