KNU ခေါင်းဆောင်ပိုင်း ငြိမ်းချမ်းရေးလက်မှတ်ထိုးရေး။

  • 10 ဇန်နဝါရီ 2012
_knu_
Image caption KNU ခေါင်းဆောင်ပိုင်း။

ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖို့ ဦးဆောင်တဲ့၊ ၁၉ ဦးပါတဲ့၊ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထဲမှာ ကေအင်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ၅ ဦးအပြင်၊တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ်ဂျော်နီ နဲ့ ကေအင်ယူ ရဲ့ ခရိုင် ၇ ခုရှိတဲ့အထဲက၊ ၅ ခရိုင် က ဥက္ကဌတွေ လိုက်ပါသွားတာကြောင့် ထူးခြား ပါတယ်။

ဒီလို ကေအင်ယူရဲ့နယ်မြေလိုက် အဓိက၊ကျတဲ့ခေါင်းဆောင်တွေလိုက်ပါသွားလို့လဲ၊အခု ခရီးစဉ်မှာ ကေအင်ယူ နဲ့ အစိုးရကိုယ်စားလှယ်တွေ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးကြ မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့၊ အခု ခရီးစဉ် မှာလိုက်ပါသွားမယ့်၊ ကေအင်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ အတွင်းရေးမှူး စောဒေဗစ်ထော က ဘီဘီစီ ကို ပြောပြတာက-အခုသွားမယ့် အပိုင်းမှာ နှစ်ဖက်ဆွေးနွေးတဲ့ အပေါ်မှာ အခြေခံတဲ့ အကြောင်း၊ ထာဝရငြိမ်းချမ်းရေး ဖြစ်ဖို့အတွက် ရည်မှန်းထားတယ်။

သမတကြီးကလည်း၊ထာဝရ ငြိမ်း ချမ်းရေး ဖြစ်ဖို့အတွက် လိုလားတယ်ဆိုတော့၊ အဲဒီအဆင့် ရောက်အောင်၊ချီတက်တဲ့အ ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတို့ ၊ငွေကြေး ကောက်ခံ တဲ့ကိစ္စတို့၊ လုပ်အားပေး စေခိုင်းတဲ့ကိစ္စတို့၊ အခုထဲက ကြိုတင်ပြီး ရှင်းထား ပေးခြင်းအားဖြင့် ၊ကိုယ်သွားချင်တဲ့၊ခရီးက ပိုချောမွေ့ပြီးတော့၊ မြန်ဆန် စေမယ်လို့ ယုံကြည်တဲ့ အကြောင်း ဗဒိုစောဒေးဗစ်ထော က ဘီဘီစီ ကို ပြောပါတယ်။

၆၄ နှစ် ကြာပြီဖြစ်တဲ့၊ကရင့် တော်လှန်ရေး ကာလတလျှောက်မှာ ၊မြန်မာနိုင်ငံမှာ တက်လာတဲ့ အစိုးရ အဆက်အဆက် နဲ့ ကေအင်ယူ ကြားမှာ ငြိမ်းချမ်းရေး အတွက် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ဘူးပါတယ်။

အခုအစိုးရလက်ထက်မှာလည်း၊ကေအင်ယူနဲ့အစိုးရကိုယ်စားလှယ်တွေ၊ အလွတ်သဘောသုံးကြိမ်တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ၊ ကေအင်ယူနဲ့အစိုးရကိုယ်စားလှယ်တွေဘားအံမြို့မှာတရားဝင်တွေ့ဆုံကြဖို့ဖြစ်လာတာပါ။

ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ ကေအင်ယူနဲ့ အစိုးရကိုယ်စားလှယ်တွေ၊ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုး ကြဖွယ် ရှိတယ်လို့ သတင်းတွေ ထွက် နေပါတယ်။