ရွေးကောက်ပွဲမှာ SNDPက ၃နေရာ ဝင်ပြိုင်ဖို့ရှိ

  • 10 ဇန်နဝါရီ 2012
Image caption ပါတီကြီးတွေနဲ့ ယှဉ်အရွေးခံရမှာ မကြောက်ဘူးလို့ SNDP ပြော

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ SNDP ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီက ၃နေရာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပါတီ ဗဟိုကော်မီတီဝင် တဦးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၂နေရာနဲ့ ကချင်ပြည်နယ်မှာ ၁နေရာ ဝင်ပြိုင်မှာ ဖြစ်ပြီး ဝင်ပြိုင်မယ့် မြို့နယ်တွေနဲ့ ကိုယ်စားလှယ် လောင်းတွေကို သတ်မှတ်ထားပြီးပြီလို့ SNDP ပါတီ ဗဟိုကော်မီတီဝင် ဦးစောသန်းမြင့်က ပြောပါတယ်။

ရှမ်းပြည်နယ်မှာ လစ်လပ်သွားတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ သမ္မတကြီး ရဲ့နေရာ လားရှိုးမြို့ မဲဆန္ဒနယ်မြေမှာ ဦးစိုင်းဆိုင်မင်း၊ ကလောမြို့ မဲဆန္ဒ နယ်မြေမှာ ဦးစဝ်သာဦးတို့ ဝင်အရွေးခံမှာ ဖြစ်ပြီး ကချင်ပြည်နယ် မိုးကောင်းမြို့ မဲဆန္ဒနယ်မြေမှာတော့ သူနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးကို ရာထားပြီး ၁၅ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေတွေမှာ အဓိက ယှဉ်ပြိုင်ရမယ့် ပါတီတွေက ပြည်ခိုင်ဖြိုး ပါတီနဲ့ NLD ပါတီတွေ ဖြစ်တယ်လို့ ပြောပါတယ်။