တကိုယ်တော် ဆန္ဒပြသူ ဖမ်းဆီး စစ်ဆေးတာ ခံခဲ့ရ

  • 10 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဦးစိုးကြွယ် တောင်းဆိုတဲ့ အချက်တွေထဲမှာ လျှပ်စစ်မီးရရေးလည်း ပါဝင်

သာမာန် ပြည်သူတွေ ရပိုင်ခွင့် ဆုံးရှုံး နေတာကို အစိုးရ အနေနဲ့ လုပ်ဆောင်ပေးဖို့ တကိုယ်တော် ဆိုင်းဘုတ်ထောင် ဆန္ဒပြခဲ့သူ တဦးကို ရဲက ခေါ်ယူ စစ်ဆေးပြီး ပြန်လွှတ် ပေးလိုက်ပါတယ်။

တောင်ဒဂုံမြို့နယ်မှာ နေတဲ့ NLD ပါတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးစိုးကြွယ်ဟာ သူတို့ရဲ့ တောင်ဒဂုံ ၇၁ ရပ်ကွက်မှာ လမ်းတွေ ပေါက်ပြဲနေတာတွေ ခင်းပေးဖို့ ၊ လျှပ်စစ် မီတာခတွေ လျှော့ပေါ့ ကောက်ခံပြီး ၂၄နာရီ ရေမီး ရရှိဖို့၊ ကြံ့ဖွံ့ ပါတီ အမည်ခံပြီး ငွေကြေး ကောက်ခံတာတွေနဲ့ အကျင့်ပျက် ဝန်ထမ်း တွေကို တိုင်ကြားတဲ့အခါ သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပေးဖို့ စတဲ့ အချက်၆ချက်ကို စာရွက်ကြီး တခုပေါ်မှာ ရေးပြီး ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့တာကြောင့် တောင်ဒဂုံ ရဲစခန်းက ဖမ်းဆီးလိုက်တာပါ။

တောင်ဒဂုံ မြို့နယ်မှာ လမ်းတွေ စုတ်ပြတ်နေတဲ့အတွက် ပြုပြင်ပေးဖို့ သက်ဆိုင်ရာကို တရားဝင် စာတင်ခဲ့ပေမယ့် ဘာမှ ဖြစ်မလာကြောင်း၊ လွတ်လပ်စွာ ဆန္ဒပြနိုင်တဲ့ ဥပဒေ ထွက်လာတယ်လို့ ကြားတာကြောင့် စာတင်ပြီး အခုလို ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဥပဒေ ထုတ်ပြီးပေမယ့် နည်းဥပဒေ မထွက်သေးတဲ့အတွက် ဆန္ဒပြခွင့် မရှိဘူး ဆိုပြီး ရဲက ဖမ်းဆီးသွားခဲ့တာ ဖြစ်ကြောင်း သမီးဖြစ်သူ မငယ်က ဘီဘီစီကို ပြောပြပါတယ်။

ဦးစိုးကြွယ် ဆန္ဒပြတာကို ဒေသခံ ၃၀ကျော်ကလည်း ဘေးကနေ ဝန်းရံပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဦးစိုးကြွယ်ဟာ ၂၀၀၇ခုနှစ် လောင်စာဆီ စျေးတက်တုန်းကလည်း လမ်းလျှောက် ဆန္ဒ ထုတ်ဖေါ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၂နှစ်ခွဲ ချခံခဲ့ရပြီး အယူခံ ၆လ နိုင်လို့ ၂နှစ်နဲ့ မြစ်ကြီးနား ထောင်က လွတ်မြောက်ခဲ့ပါတယ်။