ဆီးရီးယား သမ္မတ က သူရာထူး က မဆင်းနိုင် လို့ ထပ်မံပြော

  • 10 ဇန်နဝါရီ 2012
assad ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံလုံခြုံရေး ကို ပြန်တည်ဆောက်ရမယ် လို့ ဆို

ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆာ့တ် က အစိုးရ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖျောက်ပစ်ချင်တဲ့ ဆန္ဒ ရှိနေကြတယ်လို့ စွပ်စွဲ ပြောဆို လိုက်ပါတယ်။

မိန့်ခွန်းတခု ထဲမှာ သမ္မတ အာဆာ့တ် က ဆီးရီးယားနိုင်ငံ မတည်မငြိမ် ဖြစ်အောင် လုပ်ဖို့ ပြည်တွင်း ပြည်ပ အဖွဲ့တွေ ကြိုးစား နေကြ ပေမယ့် မအောင်မြင်ခဲ့ဘူး လို့ ပြောသွား ပါတယ်။

အခုအခါ အဓိက ဦးစားပေး ဆောင်ရွက်ဖို့က ဆယ်စုနှစ်ပေါင်း များစွာ ဆီးရီးယားနိုင်ငံမှာ ထားရှိခဲ့တဲ့ လုံခြုံရေးကို ပြန်လည် တည်ဆောက် ဖို့ ဖြစ်ကြောင်း၊ ဒီလို ပြန် တည်ဆောက် နိုင်ဖို့အတွက် အကြမ်းဖက်သမားတွေကို အတတ်နိုင်ဆုံး တွန်းလှန် ချေမှုန်းနိုင်မှ အောင်မြင် မှာ ဖြစ်ကြောင်း သမ္မတ အာဆာ့တ် က ပြောသွားပါတယ်။

ဆီးရီးယား နိုင်ငံဟာ ၂ပိုင်းကွဲနေတယ် ဆိုတာ မဟုတ်ကြောင်း မစ္စတာ အာဆာ့တ်က အခိုင်အမာ ပြောသွားပါတယ်။

ဒါပေမယ့်လည်း အခုအခါ စာမျက်နှာ ကဏ္ဍသစ် တခုဆီ စတင် ဝင်ရောက် နေပြီ လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ပတ်သက်လို့ လူထု သဘောထား ကောက်ယူမှု တခုကို မတ်လ အစောပိုင်း မှာ ကျင်းပ နိုင်ဖွယ် ရှိတယ် လို့ မစ္စတာ အာဆာ့တ် က ပြောသွား ပြီး နိုင်ငံရေး ပါတီတွေ အားလုံး ပါဝင် နိုင်အောင် အစိုးရ အဖွဲ့ ကို တိုးချဲ့ ဖွဲ့စည်းဖို့ ပြောဆိုချက် ကို ကြိုဆိုကြောင်း ပြောပါတယ်။

ဆီးရီးယား နိုင်ငံ ထဲမှာ အာရပ် နိုင်ငံများ အဖွဲ့ချုပ် က လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ရောက်ရှိနေတဲ့ ကြားကပဲ အကြမ်းဖက် ဆန္ဒပြမှု တွေ ဆက်လက် ဖြစ်ပွား နေ ပါတယ်။