နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုသစ် စတင်

  • 10 ဇန်နဝါရီ 2012
T shirt campaign
Image caption တီရှပ် တံဆိပ်မှာ နိုင်ငံရေး အကျဉ်းသားနဲ့ ယုံကြည်ချက် အကျဉ်းသား လို့ကွဲပြားမှုရှိ

ထောင်ဒဏ်ကျခံ နေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက် ရေး အတွက် "လွတ်" ဆိုတဲ့ စာတမ်း ရိုက်နှိပ် ထားတဲ့ တီရှပ် တွေဝတ်ဆင် လှုပ်ရှားမှု တရပ်ကို ၈၈ မျိုးဆက် ကျောင်းသား တွေ၊ Generation Wave အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေနဲ့ မိသားစုဝင်တွေက စတင် လိုက်ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အသုံးပြုတဲ့ တီရှပ်တံဆိပ် တွေမှာ နိုင်ငံရေး အကျဉ်းသားလို့ ဖော်ပြထားတာရှိသလို တချို့တီရှပ်တွေမှာတော့ ယုံကြည်ချက် အကျဉ်းသား လို့ ရိုက်နှိပ် ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့အသုံးအနှုန်းကို အစိုးရက လက်မခံတာမို့ အများပြည်သူတွေ လိုက်ပါ ဝတ်ဆင်နိုင်အောင် ရည်ရွယ်ပြီး ယုံကြည်ချက် အကျဉ်းသား လို့ အသုံးပြုတာ ဖြစ်ကြောင်း လှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) ကပြောပါတယ်။

တကယ်တမ်းမှာ ဘယ်လိုရည်ညွှန်းသုံးနှုန်းတယ် ဆိုတာထက် အဖမ်းခံထားရသူတွေ လွတ်မြောက်ဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ကသာ အဓိက ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို သွားရောက် အားပေးတဲ့ လှုပ်ရှားမှု တရပ်ကို စတင်ခဲ့ကြပြီး အခုလို အဖြူရောင် တီရှပ် ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ဆက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။