ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ဦးနေဝင်း မြေး လည်းလွတ်

  • 13 ဇန်နဝါရီ 2012

အစိုးရရဲ့ အဆို အရ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ အားလုံး ပူးပေါင်း ပါဝင် နိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ အကျဉ်းသား ခြောက်ရာ ငါးဆယ်ကျော်ကို သောကြာနေ့က စတင် လွှတ်ပေး နေပါပြီ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က နေအိမ်မှာ သတင်းထောက် တွေနဲ့ တွေ့

ပြန်လွတ်လာသူတွေ အထဲမှာ တချိန် က နိုင်ငံအတွင်းမှာ တန်ခိုး အာဏာ ကြီးမား ခဲ့တဲ့ ထောက်လှမ်းရေးမှူး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် လည်း ပါဝင် ပါတယ်။ နေအိမ် အကျယ်ချုပ် ကနေ လွတ်သွား တဲ့ သူ့ကို မိတ်ဆွေ ပြည်ထဲရေး ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ သစ်တော ဝန်ကြီး ဟောင်း ဦးအောင်ဖုန်း တို့က နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ကြ ပါတယ်။

ပြန်လွတ် လာလာချင်း သူ့နေအိမ်မှာ ဗိုလ်ချုပ် ကြီး ခင်ညွန့်က သတင်း ထောက်တွေကို လက်ခံ ရှင်းလင်း ပြောခဲ့စဉ်မှာ သူ့ အနေနဲ့ နိုင်ငံ ကောင်းကျိုး လုပ်ဆောင် သွားမှာ ဖြစ်ပေမဲ့ နိုင်ငံရေး ထဲမှာတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူ့ အနေနဲ့ သူ့ကို ဖမ်းဆီး အကျဉ်းချခဲ့တဲ့ အရင် အစိုးရ အပေါ်ကိုလည်း အာဃာတ မထားတဲ့ အကြောင်း သူ့ကို မေးခွင့် ရခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း ဌာနက အကြီးတန်း သတင်းထောက် ကိုမင်းထက် ကို ပြော ပါတယ်။

အခု လောလောဆယ် သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတာ ဟာ တိုင်းပြည် အလား အလာ အတွက် ကောင်းတယ်လို့ လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ပြောပါတယ်။

သူ့ အနေနဲ့ ဘယ်သူနဲ့မှ တွေ့ဆုံဖို့ အစီအစဉ် မရှိသေးဘဲ တိုင်းပြည် အကျိုး အတွက် ပြောဆိုစရာ ရှိလာရင် မီဒီယာ တွေကနေတဆင့် ပြောဆို သွားမယ်လို့လည်း သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်ကို စတင် ဖမ်းဆီးစဉ် က တစ်ခါပဲ စစ်မေးဖို့ အပြင် ကို ခေါ်သွား ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း နေအိမ်မှာ ပဲ တောက်လျှောက် အကျဉ်းချ တာ ခံခဲ့ရတာပါ။ သူ့ရဲ့ သား နှစ်ယောက် လည်း ပြန်လွတ် လာကြပြီး သူ့ ကို လာတွေ့သွား ကြတယ် လို့ လည်း သိရ ပါတယ်။

အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးလည်း လွတ်လာ

ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် ဖမ်းဆီး ခံခဲ့ရပြီး တဲ့နောက် ပိုင်း လွန်ခဲ့တဲ့ ၁၀ နှစ်က နိုင်ငံတော် သစ္စာ ဖောက်မှုနဲ့ အရေးယူ ခံခဲ့ ရတဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သားမက်နဲ့ မြေး သုံးယောက် ထဲက မြေးဖြစ်သူ ကိုဇွဲနေဝင်းနဲ့ သားမက် ဦးအေးဇော်ဝင်း တို့ကို လည်း အခု လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ လွှတ်ပေးလိုက် ပါတယ်။

Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ သက်တမ်း မှာ တော့ လွတ်ဖို့ မမျှော် လင့်ခဲ့ ဘူးလို့ ကိုဇွဲနေဝင်း ပြော

ပြန်လွတ်လာသူ ကိုဇွဲနေဝင်းက မလွတ် သေးတဲ့ အကို နှစ်ယောက် နဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောရာမှာ သမ္မတ အနေနဲ့ အတိတ်က အမွေကို ဆက်ခံပြီး ဆက်လက် လုပ်ကိုင်နေရတာ ဖြစ်တဲ့ အတွက် အခက် အခဲတွေ ကြားထဲက လုပ်နေရတယ် ဆိုတာကို နားလည်ပေးနိုင်တဲ့ အကြောင်း ပြောပါတယ်။

သူတို့ မိသားစုရော ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာ တပ်ထဲမှာ ပြော နေခဲ့ကြတဲ့ အတိုင်း မလွတ် ခဲ့ဘူး၊ အခု အစိုးရ လက်ထက်မှ လွတ် လာတယ်လို့ သူက ပြောပါတယ်။

ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန် အတွင်း ဖခင်နဲ့ရော တခြား အစ်ကိုတွေ နဲ့ပါ အတူ နေထိုင် ခဲ့ရ တယ်လို့ ကို ဇွဲနေဝင်းက ပြောပါတယ်။

၁၀ နှစ်ကျော်ကြာ ထောင်ကျ နေခဲ့တဲ့ ကာလ အတွင်း သူတို့ အားလုံး မိခင် ဖြစ်သူနဲ့ လုံးဝ တွေ့ခွင့် မရခဲ့ဘူး၊ ဒီလို အခြေ အနေမျိုး ကိုလည်း မျှော်မှန်း ထားခဲ့ပြီး ဖြစ်တယ်၊ မိခင်နဲ့ ပြန် တွေ့တော့ ဝမ်းသာ မိတယ်လို့ ကိုဇွဲနေဝင်းက ပြော ပါတယ်။