KNU နဲ့ အစိုးရ အပစ်ရပ် လက်မှတ် ရေးထိုး ဖြစ်တော့ မလား

  • 11 ဇန်နဝါရီ 2012

မြန်မာ အစိုးရ စစ်တပ်နဲ့ အပစ် အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ကရင်ပြည်နယ် ဘားအံမြို့မှာ ရောက်နေကြ ပါတယ်။

Image caption မကြာသေးခင်က ပဲ ကေအန်ယူ နဲ့ အစိုးရ အလွတ် သဘော ဆွေးနွေး ခဲ့

နှစ်ဘက် ဆွေနွေးမှုတွေကို ဇန်နဝါရီ ၁၂ ရက် ကြာသပတေး နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့မှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးက ဦးဆောင်ပြီး ဖဒို ဒေးဗစ်ထော၊ ဖဒို အားတိုး စတဲ့ ခေါင်းဆောင်တွေ အပါ အဝင် အဖွဲ့ဝင် ၁၉ ယောက် ပါဝင် ပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့မှာတော့ မီးရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး စက်မှု ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့ ပါဝင် ပါတယ်။

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ်ရပ်စဲရ မယ် ဆိုတဲ့ အချက် အပါအဝင် အချက် ၁၁ ချက်ကို တင်ပြ သွားမယ်လို့ ဆွေးနွေးရာမှာ ကိုယ်တိုင် ပါဝင် မယ့် ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဖဒို စောဒေးဗစ်ထောက ပြောပါတယ်။

အစိုးရနဲ့ အရင် ဆွေးနွေးမှုတွေ တုန်းက တောင်းဆိုခဲ့ သလို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရမယ် ဆိုတဲ့ တောင်းဆိုမှုကို ထည့်သွင်းထား ပေမဲ့ အစိုးရ စစ်တပ် ဘက်က အရင် အပစ်ရပ်ပြီး မှသာ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ်ထိုး မယ်လို့ တော့ ပုံသေ သတ်မှတ် မထား ပါဘူးလို့ ဖဒို စောဒေးဗစ်ထော က ပြော ပါတယ်။

ကြာသပတေးနေ့ ဆွေးနွေးပွဲ ကနေ နှစ်ဘက် သဘောတူ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်တဲ့ အဆင့် အထိ ရောက်လာဖို့ မှန်းဆမှု တွေလည်း ထွက်ပေါ် နေ ပါတယ်။

ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ကော့ကရိတ် မှာ သွားကြိုဆိုပြီး ဘားအံမြို့ကို ခေါ်ဆေင်လာကြရာမှာ လူထု နှစ်ထောင်ကျော်က ကြိုဆို ခဲ့ကြတယ်လို့ လည်း သိရ ပါတယ်။