ရခိုင် ဓာတ်ငွေ့ ဒေသတွင်း ခွဲသုံးဖို့ တောင်းဆို

  • 11 ဇန်နဝါရီ 2012
pipeline
Image caption ရခိုင်က ဓာတ်ငွေ့ကို တရုတ်ကို အဓိက တင်ပို့နေ

ရခိုင် ပြည်နယ်က ထွက်တဲ့သဘာဝဓာတ် ငွေ့ကို ရခိုင် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခွဲဝေ သုံးစွဲဖို့ ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး ပါတီက တောင်းဆို လိုက်ပါတယ်။

လူထု အင်အားနဲ့ တောင်းဆိုပွဲ တခုကို ခုလ တရက်နေ့က ကျောက်ဖြူမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒိနောက်ပိုင်းမှာ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံ ကိန်းက ထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင် ပြည်နယ် အတွက် သုံးစွဲခွင့် ရရေး အတွက် စွမ်းအင် ဝန်ကြီးဌာနနဲ့ ကိုရီးယား ကုမ္ပဏီ ဒေဝူးတို့ကြား သဘော တူညီမှုတွေ ရခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းတွေကို သီခြား လွတ်လပ်စွာ အတည် မပြုနိုင်သေးပါဘူး။

ရခိုင် ပြည်နယ်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ကို တရုတ်ပြည်ကို တိုက်ရိုက် တင်ပို့ရောင်းချ ပြီး ငါးပုံ တပုံကို ပြည်မကို တင့်ပို့တယ်လို့ သတင်း ရရှိပါတယ်။

ပြည်မကို တင်ပို့တဲ့ ဓာတ်ငွေ့ထဲက တချို့ကို ရခိုင် ပြည်နယ်မှာ လျှပ်စစ် ရရှိရေး၊ ဒါမှမဟုတ် တခြား အလုပ် အကိုင် ဖန်တီး နိုင်မယ့် ကဏ္ဍတွေမှာ သုံးစွဲဖို့ တောင်းဆို နေတယ်လို့ ရခိုင် ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ခုလို အစိုးရက ရခိုင်က ထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ခွဲဝေသုံးစွဲ မယ် ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ပြည်သူ လူထုကတော့ ဒီသတင်းကို ကြိုဆိုကြ တယ်လို့ သတင်းရရှိပါတယ်။