US စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာပြည်လာမယ်

  • 12 ဇန်နဝါရီ 2012
Image caption အမေရိကန်က အထင်ကရ စီးပွားရေး လုပ်ငန်းရှင်တွေ

အမေရိကန်က စီးပွားရေး ကုမ္ပဏီ ကြီးတွေက အမှုဆောင် အရာရှိချုပ်တွေ ပါတဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မကြာခင် မြန်မာပြည်ကို လာလိမ့်မယ်လို့ မနေ့က ဗုဒ္ဓဟူးနေ့ တုန်းက မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက အရာရှိတွေက ပြောကြောင်း ရိုက်တာ သတင်းမှာ ရေးသား ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ကို လာရောက်ခဲ့ပြီး သုံးလ မပြည့်ခင် ကာလမှာ လုပ်ငန်းရှင် အဖွဲ့ လာရောက်တာ ဖြစ်ပါတယ်။

အမေရိကန်က မြန်မာ နိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူ ထားချိန်မှာ အခုလို စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက်တာဟာ သမရိုးကျ မဟုတ်ဘူးလို့ ဖော်ပြ ထားပါတယ်။

အဲဒီ ကိုယ်စားလှယ် အဖွဲ့ထဲမှာ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ တည်ထောင်ခဲ့တဲ့ ဂိတ်စ် ဖောင်ဒေးရှင်းရဲ့ အကြီးအကဲ ဘီလ်ဂိတ် လည်း ပါမယ်လို့ ဆိုပေမယ့် ဆီယက်တဲလ်မြို့က မစ္စတာဂိတ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီပြောကြားချက်က မမှန်ဘူးလို့ ဆိုပါတယ်။