ငြိမ်းချမ်းရေးအတွက် ABSDF ကို အစိုးရကမ်းလှမ်း

  • 12 ဇန်နဝါရီ 2012
Image caption ပြည်သူလူထုရဲ့ ဆန္ဒတွေကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ ABSDF ပြော

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

အစိုးရဘက်ကနေ စာအား၊ နှုတ်အားဖြင့် ABSDF ကို ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေပြီ ဆိုတာကို၊ ပြည်သူလူထု တရပ်လုံးကို အသိပေးလိုပါကြောင်း ကိုမျိုးဝင်းက ပြောပါ တယ်။

နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ လူငယ်ထု၊ ကျောင်းသားထု အားလုံးကို ကိုယ်စားပြု ဖေါ်ဆောင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အခုလိုဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲ ရေးကိစ္စ၊ မတရားတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ရေးနဲ့ ပြည်သူလူထု လက်မခံနိုင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲ ရေးဟာလည်း နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် အစပြုတဲ့ ကြိုးပမ်းချက် တခုသာ ဖြစ်ကြောင်း သူကပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ် ကြောင်းနဲ့၊ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးကနေ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကလည်း ဆက်လက် ကြိုးပမ်းလိမ့်မယ် လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။

KNU နဲ့ ABSDF တို့ဟာ နှစ်ပေါင်း ၂၃ နှစ်ကျော် အတူလက်တွဲ လှုပ်ရှားလာတာဖြစ်လို့၊ အခုလို KNU က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူလိုက်တာကြောင့် ABSDF အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို အောက်မှာ နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။