KNU နဲ့ အစိုးရ အပစ်ရပ်ရေး သဘောတူ လက်မှတ်ထိုး

  • 12 ဇန်နဝါရီ 2012

KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့တယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်တွေ

ဒီသဘောတူညီချက်ဟာ ပမာဏအဆင့် ဖြစ်ပြီး၊ အချက်လေးချက် ပါဝင်တယ်လို့ သိရပါတယ်။

လက်မှတ်ထိုးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နှစ်ဘက် လက်နက်ကိုင် တွေအကြား အပစ်ရပ်ဖို့၊ နှစ်ဘက်အကြား ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့နဲ့ နှစ်ဘက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တာဝန်ရှိသူ တွေ အပြန်အလှန် သွားလာခွင့် စတဲ့အချက်တွေ ပါဝင် ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာပဲ KNU ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို မူအားဖြင့် လက်ခံခဲ့ပြီး ပြည်ထောင်စု အဆင့်မှာ ဆက်လက် ဆွေးနွေးသွားဖို့ကို သဘောတူခဲ့ကြ ပါတယ်။

KNU တောင်းဆိုထားတဲ့ အချက် ၁၁ချက်ထဲက တချို့ကတော့ တပြည်လုံး အတိုင်းအတာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် အမြန်ဆုံး ရပ်စဲရေး၊ ပြည်သူတွေ အကြောက်တရား ကင်းရေး၊ ပြည်သူပြည်သားတွေအတွင်း ယုံကြည်ရတဲ့ အခြေအနေ တည်ဆောက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေးတွေ လုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုရေး၊ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာ၊ အဓမ္မ ငွေကြေး ကောက်ခံတာမျိုးတွေ မပြုရေး၊ အကျဉ်းသားတွေ လွှတ်ပေး ရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။

KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်ကြား လွတ်လပ်ရေး ရပြီး နောက်ပိုင်းကတည်းက တိုက်ခိုက် ခဲ့ကြတာမို့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နှစ်ဘက်အကြား အခု သဘောတူညီမှုနဲ့ အပစ်ရပ်နိုင် တော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေရဖို့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ KNU ဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးဆေးဖိုးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အရင်ကတယောက်နဲ့ တယောက် သံသယ ဖြစ်မှု၊ မယုံမကြည် ဖြစ်မှုတွေ ကြီးထွားခဲ့တဲ့ အတွက် နှစ်ဖက်အကြား သဘောတူတဲ့ အဆင့် မရောက်ခဲ့ကြောင်း၊ အခုတော့ ပြောင်းလဲ လာနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ တယောက်နဲ့တယောက် ယုံကြည်မှု အနေအထားအရ ဆက်သွားချင်တဲ့ သဘော ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး အဖွဲ့ အတွင်းရေးမှူး စောဒေးဗစ်ထောက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ယုံကြည်မှု ဆိုတာ အလုပ်ပေါ်မှာ သက်သေ ပြတာမို့ ခုချိန်မှာ အစိုးရအပေါ် လုံးလုံး ယုံတယ်လို့ ပြောရမှာ စောပါသေးတယ်လို့လည်း ဆိုပါတယ်။

စစ်ပွဲတွေကြောင့် နေရပ်ရင်းကို စွန့်ပြီး ထိုင်းဖက်ခြမ်း ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်း ဆယ်နဲ့ချီ နေထိုင်နေကြရသူတွေက မြန်မာပြည်ဖက်ခြမ်းမှာ အေးချမ်းသွားပြီ ဆိုရင် သူတို့ရဲ့ နေရပ် မူလရွာတွေမှာ ပြန်အခြေချချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံတချို့ကတော့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး အခု KNUနဲ့ အစိုးရကြား အပစ်အခတ် ရပ်ရေး သဘောတူချက်ကို သတိနဲ့ ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။