အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 12 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး ပါမယ် ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မသိရပါ

အကျဉ်းသား ၆၅၁ ကို သောကြာနေ့က စပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက် ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို အစိုးရ ရုပ်သံ သတင်းကနေ ကြာသပတေးနေ့ ညနေပိုင်းက ကြေညာ သွားပါတယ်။

အခုအကျဉ်းသားတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ သောကြာနေ့မှာ ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးရေး၊ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးတဲ့အနေနဲ့ သမ္မတက အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြ သွားပါတယ်။

ဒါပေမယ့်လည်း ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး ပါမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့အပါအဝင်၊ တခြား အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ် လာနိုင်တယ်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၆၅၆ ဦးကို ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းသာ ပါခဲ့တဲ့ အတွက် ဝေဖန်ပြောဆိုမှုတွေ ရှိနေရာ၊ အခုတခါ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးခဲ့တာ ဖြစ်ပါတယ်။