SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး လွတ်မြောက်

  • 13 ဇန်နဝါရီ 2012
Image caption ဗဟိုကော်မတီ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေး ဆက်လုပ်မယ်လို့ ဦးခွန်ထွန်းဦးပြော

တောင်ငူထောင်ကနေ ပြန်လွတ်မြောက် လာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက သူ့အနေနဲ့ နိုင်ငံရေးကို ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ပြောကြား ပါတယ်။

နိုင်ငံရေးဟာ ဆက်လုပ်သင့်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူကဆိုပါ တယ်။

ဦးခွန်ထွန်းဦးဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ် နှစ် ၉၀ ကျော် ပြစ်ဒဏ် ချမှတ်ခံခဲ့ ရတာ ဖြစ်ပြီး၊ အခုလို ပြန်လွတ်လာတဲ့ အပေါ်မှာ ဘာမှ မခံစားရကြောင်း သူက ပြောပါ တယ်။

အကြောင်းကတော့ သူတို့ဟာ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တဲ့အတွက် ဖမ်းဆီးခံ ခဲ့ရတာ ဖြစ်ပြီး အမှုပိုကြီးအောင် အာဏာပိုင်တွေက နိုင်ငံတော်ပုန်ကန်မှု တံဆိပ် တပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ်ကိုတော့ ဦးခွန်ထွန်းဦးက ဒါဟာ ဒီမိုကရေစီ ရေစီကြောင်းထဲ လိုက်ပါသွားတဲ့ သဘော ဖြစ်ကြောင်းပြောပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ နည်းလမ်းကျ၊ ဘယ်လောက် အတိုင်းအတာအထိ လုပ်ဆောင်နေပြီလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ မှားယွင်း နေဆဲ ဖြစ်ကြောင်း သူကပြောပါတယ်။

ဒီအတွက် အစိုးရအနေနဲ့ ပြတ်သားတဲ့မူတခု ချပြီး ကတိတည်ကြည်စွာ၊ စေတနာမှန်စွာနဲ့ လုပ်မယ်ဆိုရင် အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် သမ္မတဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အာလုံးကိုလည်း ပြန်လွှတ်ပေးဖို့ သူက တောင်းဆို သွားပါတယ်။