ဆီနိတ်တာ မက်ကောနဲ ရှေ့အပတ် ရန်ကုန်လာမည်

  • 13 ဇန်နဝါရီ 2012
mitch mcconnell ဓာတ်ပုံ မူပိုင် Reuters
Image caption ကန် လွှတ်တော် အမတ် မစ်ချ မက်ကောနဲ

ရီပတ်ဗလစ်ကန် အထက် လွှတ်တော် အမတ် မစ်ချ မက်ကောနဲဟာ မြန်မာ နိုင်ငံကို ပထ မဆုံး အကြိမ် အဖြစ် ရှေ့ သီတင်းပတ်မှာ လာရောက်မှာ ဖြစ်ပါတယ်။

အထက် လွှတ်တော် အမတ် မက်ကောနဲဟာ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ အပြင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ကိစ္စ၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သူ့ရုံးခန်းက သတင်း ထုတ်ပြန် ပါတယ်။

သူဟာ မြန်မာ နိုင်ငံကို တနင်္ဂနွေနေ့မှာ လာရောက်မှာ ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။

မစ်ချ မက်ကောနဲဟာ အမေရိကန် အထက် လွှတ်တော်ထဲက ရီပတ် ဗလစ်ကန် အမတ်တွေ ထဲမှာ ရာထူး အကြီးဆုံး ဖြစ်ပြီး မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့တဲ့ ဥပဒေတွေကို ၂၀၀၃ ခုနှစ်က စ အဆိုပြုခဲ့သူ ဖြစ်ပါတယ်။

တဆက်ထဲမှာ မြန်မာ အစိုးရနဲ့ ကေအင်ယူ ကရင် အမျိုးသား အစည်းအရုံးတို့ အပစ် အခပ် ရပ်စဲရေး သဘော တူညီချက် ရခဲ့တာကိုလည်း အမေရိကန် အစိုးရက ကြိုဆိုကြောင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။

တခါ ထိုင်း အစိုးရ ပြောခွင့်ရ တာဝန်ခံကလည်း ဒီသဘော တူညီချက်ကို ကြိုဆိုလိုက် ပါတယ်။