၈၈ မျိုးဆက် ကိုဌေးကြွယ် အမြင်

  • 14 ဇန်နဝါရီ 2012
htay_kywe_ ဓာတ်ပုံ မူပိုင် AFP
Image caption ဂဂ မျိုးဆက် ကိုဌေးကြွယ်

ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြည်သူလူထု ရဲ့ နိုးကြားမှု၊ စည်းလုံးညီညွတ်မှု၊ မိမိရဲ့ အခွင့်အရေး ဘာလဲ ဆိုတာတွေ သိနေကြပုံ ကို မမျှော်လင့် ဘဲ တွေ့ရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

အခုလို ပြည်သူလူထု နိုးကြားလာမှု ကို ကြည့် ပြီး မြန်မာနိုင်ငံဟာ တကယ့် အပြောင်းအလဲ ကို ဦးတည်နေပြီ ဆိုတာကို မျှော်လင့် နိုင်ပြီ ဖြစ်ကြောင်း လည်း ကိုဌေးကြွယ် က ပြောပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒါပေမယ့် ဖိနှိပ်မှု တွေ နည်းပါးသွားပြီ လို့တော့ မဆိုနိုင်သေးတဲ့ အကြောင်း၊ အုပ်ချုပ်သူတွေ ရဲ့ အပိုင်းအနေနဲ့ စနစ်ပုံစံ ကို ဖြည်းဖြည်းချင်း ပြောင်းလဲပြီး လက်ခံလာတာ ကို တော့ မြင်ရကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးရခြင်း ဟာ အစိုးရ အနေနဲ့ အကျပ်အတည်း တွေ့နေလို့ လွှတ်ပေး တယ်လို့ မမြင်ပုံ၊ ဒါပေမယ့် ဒီအချိန်မှာ လွှတ်ပေးရမယ်၊ လွှတ်ပေး သင့်ပြီ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဟာ လူထုရဲ့ လိုအပ်မှု ဖြစ်သလို၊ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ထဲ ဝင်ဆန့်ရမယ့် အပိုင်းမှာလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေး ရမယ့် အရေးဟာ နိုင်ငံတကာ ရဲ့ တောင်းဆိုမှု ဖြစ်ပုံတွေကို ကိုဌေးကြွယ် က ပြောပြပါတယ်။

နိုင်ငံရေး လုပ်လို့ ထောင်မကျနိုင်ဘူး ဆိုတဲ့ ယုံကြည်နိုင် မယ့် ခေတ်ကိုတော့ မရောက်သေးတဲ့ အကြောင်း သူက ပြောပါတယ်။

နောက်ပြီး နိုင်ငံရေးသမား ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ လိုအပ်နေသေး တဲ့ အကြောင်း ကိုဌေးကြွယ် က ပြောပြပါတယ်။