လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ရှင်းလင်း

  • 14 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို

မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တဲ့ အထဲက ၃၀၂ ဦး ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တင်ပြထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ စာရင်းထဲမှာ ပါဝင် ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက နေပြည်တော်မှာ စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားလိုက်ပါတယ်။

လွှတ်မပေးပဲ ကျန်ရှိသူ တချို့ကတော့ ရာဇဝတ် ပြစ်မှု ကျူးလွန်ထားသူတွေ ဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံးမဝင်တဲ့အတွက် ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်တယ် လို့ သူကဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကို ဖမ်းဆီး ထားတာနဲ့ ပတ်သက်ပြီးလည်း သူ့ကို တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက် နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကတော့ အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် ဝမ်းသာကြောင်း၊ ဒါပေမယ့် လည်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အနည်းဆုံး ၇၀၀ ကျော်ရှိနေဆဲ ဖြစ်ကြောင်း အသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်က ဘီဘီစီကို ပြောပါတယ်။

အခုလို ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် အစိုးရက အသိ အမှတ်ပြုထားခဲ့တာ မဟုတ်ပဲ ရာဇဝတ် အကျဉ်းသား အဖြစ်နဲ့သာ လွတ်လာတာ ဖြစ်လို့ ပြန်လွတ်လာသူတွေ အနေနဲ့ အပြင်ရောက်တဲ့အခါ အခက်အခဲ တွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း သူကပြောပါတယ်။